မန်စီးတီး ရသွားမှာစိုးလို့ ပြိုင်ဘက်အသင်းတွေက ဈေးကြီး ပိုပေး ဝယ်ယူသွားတဲ့ ကစားသမားများ

မန်စီးတီး ခေါ်ယူဖို့ ကြိုးစားပေမယ့် ပြိုင်ဘက်အသင်းတွေက ပို ဈေးကြီးစွာ ချိတ်ဆက်ပြီး ခေါ်ယူသွားခဲ့တဲ့ ကစားသမား အချို့အကြောင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

ဖရက်ဒ် – မန်ချက်စတာယူနိုက်တက်

ပြောင်းရွှေ့ကြေး ပေါင် ၅၂ သန်း

၂၀၁၈ မှာ မန်စီးတီးဟာ ရှက်တာဒိုးနက် ကွင်းလယ်လူ ဖရက်ဒ်ကို ပေါင် ၄၄.၅ သန်းပေးပြီး ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပါတယ်။ ဒါပေမယ့် မန်ယူနိုက်တက်က ကြားဝင်လာခြင်းနဲ့ အတူ ပြောင်းရွှေ့ကြေး ပိုပေးပြီး ဘရာဇီးသားကို ခေါ်ယူသွားခဲ့ပါတယ်။

ဂျော်ဂျင်ဟို – ချယ်ဆီး

ပြောင်းရွှေ့ကြေး ပေါင် ၅၀ သန်း

၂၀၁၈ မှာပဲ မန်စီးတီးဟာ နာပိုလီကနေ ဂျော်ဂျင်ဟိုကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီး ပြောင်းရွှေ့ကြေး ပေါင် ၄၆.၅ သန်း ပေးဖို့ပါ ပြင်ဆင်ထားခဲ့တာပါ။ ဒါပေမယ့်လို့ နည်းပြဆာရီကို ခေါ်ယူခြင်းနဲ့အတူ ချယ်ဆီးက ဂျော်ဂျင်ဟိုကို ကြားဖြတ် ခေါ်ယူခဲ့ကာ ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ ပေးခဲ့ပါတယ်။

မက်ဂွဲရား – မန်ယူနိုက်တက်

ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀

၂၀၁၉ တုန်းက လက်စတာကနေ ထွက်ခွာမယ့် မက်ဂွဲရားကို စီးတီးဘက်က စိတ်ဝင်စားခဲ့ပြီး ပေါင် ၆၅ သန်းဖြင့် ကမ်းလှမ်းပေမယ့် ပယ်ချခံခဲ့ရပါတယ်။ အဲ့နောက်မှာ မန်ယူနိုက်တက်က ကြားဖြတ် ဝင်ချိတ်ဆက်ခဲ့ပြီး ခံစစ်မှူး တစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ကြေး ပေါင် သန်း ၈၀ ပေးသွားခဲ့ပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒို – မန်ယူနိုက်တက်

ပြောင်းရွှေ့ကြေး ပေါင် ၁၂.၉ သန်း

၂၀၂၁ မှာတုန်းက မန်စီးတီးက ဂျူဗင်တပ်ကနေ ရော်နယ်ဒိုကို ခေါ်ယူဖို့ ကြိုးစားခဲ့ပါတယ်။ အတော်လေးကို ရေပန်းစားတဲ့ အပြောင်းအရွှေ့ ကိစ္စဖြစ်ခဲ့ကာ မန်ယူနိုက်တက်က သူတို့ ဂန္တဝင်ကို ပြိုင်ဘက် အသင်းထံ မရောက်ရေး ကြားဝင် စကားပြောခဲ့ပြီး ရော်နယ်ဒိုကလည်း အိုးထရတ်ဖိုဒ့်ထံ ပြန်သွားခဲ့ပါတယ်။

အလက်ဆစ် ဆန်းချက်

မန်ယူနိုက်တက်မှ အာဆင်နယ်သို့

၂၀၁၈ မှာတုန်းက မန်ယူနိုက်တက်ဟာ ဆန်းချက်ကို အာဆင်နယ်ထံက ခေါ်ယူခဲ့ပါတယ်။ အဲ့တုန်းက မန်စီးတီးကလည်း ကစားသမားကို တစ်ပတ်လုပ်ခ ပေါင် ၂၉၀၀၀၀ ဖြင့် ခေါ်ယူလိုခဲ့တာဖြစ်ပြီး ယူနိုက်တက်ကတော့ ၂ ဆဖြစ်တဲ့ လုပ်ခ ပေါင် ၅ သိန်းဖြင့် သဘောတူညီမှု ရသွားခဲ့ပါတယ်။

ဒီကလန်ရိုက်စ် – အာဆင်နယ်

ပြောင်းရွှေ့ကြေး ပေါင် ၁၀၅ သန်း

ဒီကလန်ရိုက်စ်ကတော့ မန်စီးတီး ဈေးပြိုင် ကမ်းလှမ်းတဲ့ နောက်ဆုံး ကစားသမား ဖြစ်ပါတယ်။ သူ့အတွက် မန်စီးတီးဘက်က ကနဦး ပေါင် သန်း ၈၀ + ထပ်တိုးကြေး ပေါင် ၁၀ သန်းဖြင့် ချိတ်ဆက်ခဲ့ကာ ငြင်းဆန်ခံခဲ့ရတာပါ။ အခုဆိုရင် အာဆင်နယ်ဘက်က ပေါင် ၁၀၅ သန်းဖြင့် သဘောတူညီမှု ရခဲ့ပါပြီ။