ဂွာဒီယိုလာကြောင့် မန်စီးတီးကနေ ထွက်ခဲ့တာ လို့ ရင်ဖွင့်လာတဲ့ အသင်းသားဟောင်း

အကြောင်း အမျိုးမျိုးနဲ့ မန်စီးတီးကနေ ထွက်ခွာသွားတဲ့ ကစားသမား များစွာ ရှိတဲ့ ထဲက အာဆင်နယ် တိုက်စစ်မှူး ဂျေးဆုက မန်စီးတီးကနေ ထွက်ခွာဖို့ သူဘာလို့ ဆုံးဖြတ်ခဲ့လဲ ဆိုတဲ့ အကြောင်းကို ပွင့်ပွင်းလင်းလင်း ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။
ဘရာဇီး ESPN နဲ့ အင်တာဗျူးမှာ ဂျေးဆုက ” ၂၀၂၁ ခုနှစ် နိုဝင်ဘာလတုန်းက အိမ်ကွင်း ပီအက်စ်ဂျီကို ရင်ဆိုင်ကစားတဲ့ ချန်ပီယံလိဂ်ပွဲတုန်းက ဖြစ်ခဲ့တာပါ။ ပက်က ဇင်ချန်ကို ကို false 9 နေရာမှာ သုံးခဲ့ပါတယ်။
ရူးလောက်စရာပေါ့ဗျာ။ အဲ့မတိုင်ခင် တစ်ရက်က လေ့ကျင့်ရေးမှာ ပက်က ဇင်ချန်ကို ကို ထုတ်တောင် မသုံးဘူး။ သူက ကျနော်ကို တိုက်စစ်မှူးနေရာ ထားခဲ့တယ်။ ပွဲမစခင် ၂ နာရီလောက်ကြာတော့ အသင်းလိုက် စကားပြောမှု ရှိခဲ့တယ်၊ စားကြတယ်၊ နားကြပါတယ်။
ပက်က ပွဲထွက်လူစာရင်းကို ထုတ်ပြောခဲ့တယ်။ ကျနော် စားတောင် မစားနိုင်ဘူးဗျာ၊ အခန်းထဲဝင်ပြီး ငိုမိတော့တာပဲ။ အမေ့ကို ဖုန်းခေါ်ပြီး မန်စီးတီးကနေ ထွက်ချင်တယ် ပြောမိတော့တာပဲ။ ပက်က ဘယ်အစွန်လူကို ကျနော် နေရာသုံးတာလေ။ ကျနော် ရူးတောင် ရူးချင်တယ်။
သွေးပူလေ့ကျင့်ခန်းတောင် မလုပ်မိတော့ဘူး။ ပွဲစ ၅ မိနစ်မှာတင် အမ်ဘာပေက ဂိုးသွင်းတော့တာပဲ။ နောက်တော့ ဂွာဒီယိုလာက ကျနော်ကို ခေါ်ပြီး လူစားဝင်ခိုင်းတယ်။ ကျနော် ကိုယ်တိုင် ၁ ဂိုးသွင်း ၁ ဂိုး ဖန်တီးပေးလို့ ပွဲက ၂-၁ ဖြစ်သွားတယ်။ နောက်ပွဲကျရင် ပါရတော့မယ် ထင်ခဲ့ပေမယ့် မပါရပြန်ပါဘူး။
ဂွာဒီယိုလာက အဲ့လိုတွေ မကြာခဏ လုပ်လေ့ရှိပါတယ်။ မလွယ်ပါဘူးဗျာ လက်ခံရ ခက်ခဲပါတယ်။ ဒါကြောင့်ပဲ ကျနော် ဆုံးဖြတ်ခဲ့တယ်။ မန်စီးတီး ဆက်မနေဘဲ အဲ့ကနေ ထွက်မယ်လို့ ဆုံးဖြတ် လိုက်တော့တာပါပဲ ” လို့ ရှင်းပြခဲ့တာ ဖြစ်ပါတယ်။
၂၀၂၂ မှာ မန်စီးတီးကနေ အာဆင်နယ်ကို ပြောင်းလာခဲ့တဲ့ ဂျေးဆုဟာ အာဆင်နယ်တို့ ပရီးမီးယားလိဂ် စိန်ခေါ်မှုမှာ အရေးပါခဲ့သူပါ။ နောက်ပိုင်း သူဒဏ်ရာကြောင့် အနားယူရခြင်းက အာဆင်နယ်ရဲ့ အရှိန်အဟုန် ကောင်းတွေကို ထိခိုက်မှု ရှိစေခဲ့ပါတယ်။