မန်စီးတီး အပါအဝင် အမ်ဘာပေ ကို ခေါ်ယူနိုင်တဲ့ ကလပ် ၃ သင်း အမည် ထွက်ပေါ်လာ

ပီအက်စ်ဂျီကနေ အမ်ဘာပေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် သူ့ကို ခေါ်ယူနိုင်မယ့် ကလပ် အများကြီး မရှိကြောင်း ပြင်သစ်အေးဂျင့် Bruno Satin က ထုတ်ပြောလာပါတယ်။

အမ်ဘာပေက ၂၀၂၄ နွေမှာ ပီအက်စ်ဂျီကနေ ထွက်မယ်လို့ ထုတ်ပြောလာခဲ့ပြီး ပြင်သစ်ကလပ် ဘက်ကတော့ ဒီလို မဖြစ်လာဖို့ ကြိုးစားဦးမှာပါ။ ဒါပေမယ့် ကစားသမားကို မဖြစ်မနေ လက်လွတ်ရရင် စံချိန်တင် ပြောင်းရွှေ့ကြေးမျိုး ပြန်ရှာဖွယ် ရှိပါတယ်။

လီဗာပူး၊ အာဆင်နယ်၊ မန်ယူနိုက်တက်တို့နဲ့ သတင်းထွက်မှု ရှိခဲ့ပေမယ့် အမ်ဘာပေကို ခေါ်ယူနိုင်ဖို့ အဆိုပါ ကလပ်တွေက တတ်နိုင်မှာ မဟုတ်ကြောင်းကို လူသိများတဲ့ ဘောလုံးအေဂျင့် Satin က အခုလို ပြောလာပါတယ်။

Satin က ပြောရာမှာ ‘ အမ်ဘာပေရဲ့ တန်ကြေးကို ပေးနိုင်ဖို့ဆိုတာ ခက်ခဲပါတယ်။ တိုင်းပြည် ဘဏ္ဍာ နောက်ခံထားတဲ့ ကလပ်တွေမှ မဟုတ်ရင် သာမာန်ကလပ်တွေက သူ့ရဲ့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၇၀ ကို ပေးနိုင်မှာ မဟုတ်ပါဘူး။

ကျနော် အမြင်မှာတော့ မန်စီးတီး၊ နယူးကာဆယ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ကပဲ အမ်ဘာပေကို ခေါ်ယူဖို့ တတ်နိုင်ပါလိမ့်မယ်။ ကျနော် မြင်တာကတော့ တကယ့် တန်ကြေးက ပေါင် ၈၅-၁၃၀ သန်းကြား ဖြစ်ပါလိမ့်မယ်။ ကျန်တဲ့ ဆုကြေးတွေ အပါဆိုရင် ပေါင် သန်း ၁၇၀ လောက်ကို ရောက်သွားနိုင်ပါတယ်။

အမ်ဘာပေကို ခေါ်ယူဖို့ ချိတ်ဆက်မယ့် ကလပ် အနည်းငယ် ရှိနိုင်ပေမယ့် တန်ကြေးကတော့ ထပ်တိုးလို့ ရတော့မယ် မထင်ပါဘူး ‘ လို့ ဖြစ်ပါတယ်။

၂၀၂၁ တုန်းက ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ်တို့ဟာ အမ်ဘာပေ အပြောင်းအရွှေ့ အတွက် စကားပြောခဲ့ ကြပါတယ်။ အဲ့တုန်းကတော့ ပြင်သစ်အသင်းဟာ ရီးရဲလ်တို့ ကမ်းလှမ်းတဲ့ ပေါင် ၁၅၄ သန်းတန် စာချုပ်ကို ပယ်ချခဲ့ဖူးတာပဲ ဖြစ်ပါတယ်။