ဘာနာဒို ဆေးဗား အတွက် ဘယ်လောက် ပေးမယ် ဆိုပြီး မန်စီးတီးအား ကပ် စည်းရုံးနေတဲ့ အယ်ဟီလာ

ဆော်ဒီကလပ် အယ်ဟီလာဟာ ဒီနွေရာသီမှာ ဘာနာဒိုဆေးဗား ကို ခေါ်ယူဖို့ ယူရိုသန်း ၇၀ ပေးဖို့ ဆန္ဒရှိကြောင်း မန်စီးတီးကို ပြောထားတယ်လို့ သိရပါတယ်။

ဆော်ဒီကလပ်ဟာ စီးတီးထံ တရားဝင်ချဉ်းကပ်မှုလုပ်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး ဆေးဗားကို တစ်နှစ်လုပ်ခ ယူရို သန်း ၅၀နဲ့ ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။

ပေါ်တူဂီ တောင်ပံကစားသမားဟာ အယ်ဟီလာရဲ့ ကမ်းလှမ်းမှုကို တစ်လဝန်းကျင် စဉ်းစားခဲ့တာဖြစ်ပြီး ချယ်ဆီးထံကနေ ဟာကင်ဇီယက်ချ်ကို မခေါ်ယူနိုင်ခဲ့တဲ့ အယ်နာဆာကလဲ ဘာနာဒိုကို ခေါ်ယူဖို့ လမ်းဖွင့်နေတာ ဖြစ်ပါတယ်။

ဒီနွေရာသီထဲ ဘာနာဒိုမှာရှိတဲ့ ရွေးချယ်စရာက ဆော်ဒီတစ်ခုထဲ မဟုတ်ပါဘူး။ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီလဲ သူ့ကို စိတ်ဝင်စားနေတာပါ။

ဒါပေမယ့် ဘာကာမှာ ဘဏ္ဍာရေးအခက်အခဲတွေရှိနေပြီး ပီအက်စ်ဂျီကလဲ အမ်ဘာပေရဲ့အနာဂတ်ကို ဖြေရှင်းဖို့ ကြိုးစားနေရတာကြောင့် ဆေးဗားကို အာရုံစိုက်ဖို့က ခက်ခဲနေပါတယ်။

စီးတီးကတော့ သူနဲ့ လက်ရှိစာချုပ်က ၂၀၂၅ မှာ သက်တမ်းကုန်မှာဖြစ်တာနဲ့အတူ စာချုပ်သစ် ချုပ်အောင် စည်းရုံးနိုင်ဖို့ မျှော်လင့်နေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီ မန်စီးတီး အသင်းရဲ့ ဖလား သုံးလုံးအောင်မြင်မှု လမ်းကြောင်းမှာ ဘာနာဒို ဆေးလ်ဗားက အတော်လေး အရေးပါ အရာရောက် ခဲ့တာကြောင့် လက်ရှိ ကလပ်မှာသာ ဆက်လက် ကစားလိုနေကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။