ဖလား ၃ လုံး ရပြီးတဲ့နောက် မန်စီးတီး အတွက် ပိုခက်တဲ့ စိန်ခေါ်မှုက စောင့်နေပြီ လို့ ယာယာတိုရေး သတိပေး
ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ သမိုင်းဝင် ဖလား ၃ လုံး ရခဲ့ပြီးတဲ့နောက် လာမယ့် ဘောလုံးရာသီ မန်စီးတီးရဲ့ အဓိက တာဝန်ကတော့ အဲဒီဖလားတွေကို ဆက် ပြီး ထိန်းသိမ်းဖို့ပါ။
ဒါပေမဲ့ အပြောထက် တကယ့်လက်တွေ့အလုပ်က ပိုခက် တာမို့ အကျဘက်ကို ရောက်သွားနိုင်တဲ့ မန်စီးတီးရဲ့ အလားအလာကို ကွင်းလယ်လူဟောင်းဖြစ်တဲ့ ယာယာတိုရေးက ထောက်ပြ သတိပေး ခဲ့ပါတယ်။
ယာယာတိုရေးဆိုတာက ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်မှာ ဘာစီလိုနာနဲ့အတူ သမိုင်းဝင် ဖလား ၃ လုံး ရယူနိုင်ခဲ့တဲ့ ကစားသမားဟောင်း တစ်ယောက်ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် အရောက်မှာတော့ သူတို့ အသင်းဟာ ချန်ပီယံလိဂ် ဖလားကိုရော၊ စပိန်ဘုရင့် ဖလားကိုပါ လက်လွှတ်ခဲ့ရလို့ လာလီဂါ ဖလားတစ်လုံးပဲ ရယူနိုင်ခဲ့ပါတယ်။
ဒီအတွက် သမိုင်းဝင် ဖလား ၃ လုံးရအောင် ကြိုးစားတာထက် ရပြီးသား ဖလား ၃ လုံးကို ဆက်ပြီး ထိန်းနိုင်အောင် ကြိုးစားတာကို ပိုပြီးခက်ခဲတယ်လို့ ယာယာတိုရေးက ဆိုပါတယ်။
” ကျွန်တော်တို့ အကုန်လုံးလည်း ရပြီးရော အကျ ဘက်ကို တော်တော်လေး ရောက်သွားတယ်။ ဒါပေမဲ့ ဒါဟာ လူသားတွေ အတွက်တော့ ဖြစ်ရိုးဖြစ်စဉ်ပါ။
မှန်ကန်တဲ့ စိတ်ဓာတ်လှုံ့ဆော်မှုမျိုးပဲ ရှိရမှာ ဖြစ်ပါတယ်။ တစ်ခါတလေကျရင်တော့ အကြီးအကဲ၊ နည်းပြချုပ်၊ ကစားသမားတွေအားလုံးကို ထိန်းချုပ်ရသူက အဓိကပေါ့။
နည်းပြက ပြောခဲ့တာရှိ တယ်။ ငါတို့က ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး တိုက်ပွဲဝင်နေရတာတဲ့။ ငါတို့ ကိုယ်တိုင်က ပြဿနာ ဖြစ်သွားတာ။ ပြိုင်ဘက်တွေက ရန်သူ မဟုတ်တော့ဘူးတဲ့။
ထပ်ပြီး လုပ်ပြဖို့ မလွယ်တဲ့ ကိစ္စတွေကို ကျွန်တော်တို့က တူညီတဲ့ ကတိတွေ ထပ်ပေးပြီး ကြိုးစားခဲ့ရတာပါ။ အဲဒါက ခက်ခဲလာတော့မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ စီးတီးကတော့ အမှတ်ပေးချန်ပီယံဆုကို နှစ်စဉ်နှစ်တိုင်း ရယူနိုင်တဲ့ အတွေ့အကြုံကောင်း ရှိထားပါတယ်။ အသင်းသားတွေအားလုံးရဲ့ စိတ်နှလုံး ကတော့ အတူတူပဲရှိနေမှာပါ။ သူတို့က ငယ်ရွယ်သူတွေပါ။
ဒါပေမဲ့လည်း အပတ်တိုင်းမှာ နိုင်ပွဲရယူနိုင်စွမ်းရှိတဲ့ အတွေ့အကြုံမျိုးတော့ ရှိထားကြသူတွေပါ ” လို့ ယာယာတိုရေးက ပြောခဲ့ပါတယ်။
ယာယာတိုရေး ဟာ ဘာစီလိုနာနဲ့ သမိုင်းဝင် ဖလား ၃ လုံးကို ဘာကာနဲ့အတူ နည်းပြ ဂွါဒီယိုလာရဲ့ လက်အောက်မှာ ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး မန်စီးတီးအသင်းမှာ ၂၀၁၀ ပြည့်နှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ကစားခဲ့သူဖြစ်တာကြောင့် နည်းပြဂွါဒီယို လာနဲ့လည်း မန်ချက်စတာကလပ်မှာ လက်တွဲခွင့်ရခဲ့သူဖြစ်ပါတယ်။