ဂွာဒီယိုလာအတွက် တစ်ပွဲမှ မကစားပေးဖူးတဲ့ ကြယ်ပွင့်လေးကို ဖူလ်ဟမ် ဒါမှမဟုတ် ဝက်စ်ဟမ်းထံ ရောင်းချသွားမယ့် မန်စီးတီး

လန်ဒန်ကလပ်တွေဖြစ်တဲ့ ဖူလ်ဟမ်နဲ့ ဝက်စ်ဟမ်းတို့ဟာ မန်စီးတီး အကယ်ဒမီထွက် ကြယ်ပွင့်လေး တေလာ ဟားဝုဒ် ဘီလီကို ခေါ်ယူနိုင်ရေး စတင်ကြိုးစားနေပြီ ဖြစ်ပါတယ်။
ဟားဝုဒ်ဘီလီဟာ ဒီနွေမှာ စပိန် ယူ-၂၁ အသင်းကို အနိုင်ယူပြီး ၃၉ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ယူ-၂၁ အဆင့်မှာ ယူရို ချန်ပီယံဖြစ်ခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင် အဖြစ်ကော အဓိက ကစားသမားအဖြစ်ပါ ခြေစွမ်းပြခဲ့သူပါ။
အသက် ၂၀ အရွယ်ပဲ ရှိသေးတာဖြစ်ပြီး မနှစ်တုန်းက ချန်ပီယံရှစ်ကလပ် ဘန်လေအသင်းထံ တစ်ရာသီ အငှားထွက်ကစားခဲ့ကာ နည်းပြကွန်ပနီရဲ့အသင်း ပရီးမီးယားလိဂ်ထံ တန်းတက်နိုင်စေဖို့ ကူညီပေးနိုင်ခဲ့ပါတယ်။ ပုံမှန်ပွဲထွက်ခွင့် ရလိုနေတဲ့ အင်္ဂလန်သားဟာ ဒီနွေမှာ အသင်းပြောင်းဖို့ စိတ်ဝင်စားမှု ရှိထားပါတယ်။
ယူ-၂၁ အသင်းမှာ ဟားဝုဒ်ဘီလီရဲ့ တွဲဘက်ဖြစ်တဲ့ လီဗီ ကိုးဝဲလ်ကို ဘရိုက်တန်ဘက်က ပေါင် ၃၅ သန်းဖြင့် ကမ်းလှမ်းရာမှာ ချယ်ဆီးဘက်က ငြင်းဆန်ထားပါတယ်။ ဟားဝုဒ်ဘီလီက ပရီးမီးယားလိဂ်မှာ ခြေစွမ်းပိုင်း သက်သေပြထားခြင်း မရှိသေးတာမို့ တူညီတဲ့ ပြောင်းရွှေ့ကြေးမျိုး ရဖွယ် မရှိပါဘူး။
မန်စီးတီးဘက်က အကယ်ဒမီထွက် ခံစစ်မှူးကို ဆက်ထိန်းလိုပေမယ့် စာချုပ် တစ်နှစ်ပဲ ကျန်ရှိတာကြောင့် ကစားသမားရဲ့ ဆန္ဒအတိုင်း ရောင်းထုတ်ရဖွယ် ရှိပါတယ်။ လန်ဒန်ကလပ်တွေကတော့ ဟားဝုဒ်ဘီလီကို ပေါင် ၁၅ သန်း ဝန်းကျင်ဖြင့် ခေါ်ယူနိုင်မယ် မျှော်လင့်နေကြတာဖြစ်ပါတယ်။