မန်စီးတီးနဲ့ ပွဲတွေဆို ကလေးနဲ့ လူကြီးအသင်းလို ဖြစ်နေလို့ စိတ်ပျက်နေတဲ့ နယူးကာဆယ် ကွင်းလယ်လူ ဂူမာရေးစ်

နယူးကာဆယ် အသင်း ကွင်းလယ်လူ ဂူမာရေးစ်က မန်စီးတီးအသင်းဟာ အရမ်းကောင်းမွန်တဲ့ အသင်း ဖြစ်တာကြောင့် သူတို့နဲ့ယှဉ်ပြိုင်ကစားရတဲ့ ပွဲစဉ်ကို မုန်းတီးမိတယ်လို့ ဝန်ခံလိုက်ပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ထိပ်ဆုံးလေးသင်းစာရင်း ဝင်ရောက်နိုင်ခဲ့တဲ့ နယူးကာဆယ်က လာမယ့် ရာသီသစ်မှာ ပက်ဂွါဒီယိုလာ အသင်းကို ခြိမ်းခြောက်နိုင်မယ့် အသင်းတွေအနက် တစ်သင်း ဖြစ်ပါတယ်။
ဒါပေမယ့် ဂူမာရေးစ်ကတော့ ပရီးမီးယားလိဂ်မှာ မန်စီးတီးနဲ့ ကျန်အသင်းတွေအကြား ကွာဟမှု တစ်ခု ရှိတယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။
“မန်စီးတီးက အင်္ဂလန်မှာရှိတဲ့ အသင်းအားလုံးထက် ခေါင်းတစ်လုံးသာတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ သူတို့အသင်းနဲ့ ရင်ဆိုင်ကစားရတဲ့ပွဲစဉ်တွေက အရမ်းဆိုးရွားပါတယ်။ ကျွန်တော် အဲ့ဒီပွဲစဉ်တွေကို မုန်းတီးမိပါတယ်။
အဲ့ဒီပွဲစဉ်တွေကို ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့က ကလေးတွေလိုဖြစ်နေပြီးတော့ မန်စီးတီးက ပရော်ဖက်ရှင်နယ်ကစားသမားတွေလို ဖြစ်နေတာကို မြင်တွေ့ရပါမယ်။ တကယ့်ကို ကြောက်လန့်စရာပါ။
မန်စီးတီးက ကစားသမား ၁၅ ယောက်လောက်နဲ့ ကစားနေပြီး ကျွန်တော်တို့က ခုနစ်ယောက်လောက်နဲ့ပဲ ကစားနေရတယ်လို့ ခံစားမိစေပါတယ်။ ခင်ဗျားတို့လည်း အဲ့ဒီပွဲစဉ်ကို ကြည့်ပြီး ဝိုး…. တစ်ကွင်းလုံးမှာ ပြာနှမ်းနေတာပဲလို့ ပြောမိပါလိမ့်မယ်။
သူတို့အသင်းက ရူးသွပ်လောက်စရာကောင်းအောင် အရမ်းကောင်းပါတယ်။ မန်စီးတီးနဲ့ ယှဉ်ကစားဖို့ ဘယ်လိုလုပ်ရမလဲ? အဲ့ဒီနေရာကနေထွက်သွားပြီး သူတို့ကို ဂိုးကန်သွင်းခွင့်ပေးလိုက်ပါ။ မန်စီးတီးနဲ့ ယှဉ်ကစားဖို့ အရမ်းခက်ခဲလွန်းပါတယ်”လို့ ဂူမာရေးစ်က ပြောပါတယ်။
ဒါပေမယ့် ဂူမာရေးစ်က သူ့ရဲ့ကလပ်အသင်းဟာ ၅၄ နှစ်ကြာ စောင့်ဆိုင်းနေရတဲ့ ဆုဖလား အောင်ပွဲတစ်ခုကို ဖန်တီးနိုင်စွမ်းရှိတယ်လို့ ယုံကြည်နေပါတယ်။
“ခရီးစဉ်က စတင်နေပါပြီ။ ၂၄ နှစ်တိုင်တိုင် ဗိုလ်လုပွဲဆီ မရောက်ရှိခဲ့ပါဘူး။ နောက်မှာတော့ ကျွန်တော်တို့ ဗိုလ်လုပွဲတစ်ခုဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲကိုလည်း နှစ် ၂၀ လောက် မပါဝင်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါပြီ။ လာမယ့်ရာသီအတွက် ကျွန်တော်တို့ရဲ့ရည်မှန်းချက်က ဆုဖလားတစ်ခုကို အနိုင်ရပြီး ချန်ပီယံအဖြစ် အောင်ပွဲခံဖို့ပဲဖြစ်ပါတယ်”လို့ ဂူမာရေးစ်က ဆက်လက် ပြောဆိုခဲ့ပါတယ်။