မန်စီးတီး ကွင်းလယ် ကစားသမားကို ခေါ်ဖို့ မျက်စိကျလာတဲ့ လီဗာပူးအသင်း

လီဗာပူးအသင်းဟာ ဆော်ဒီကလပ် Al-Ittihad အသင်းထံ ဘရာဇီးသား ကွင်းလယ် ကစားသမား ဖာဘင်ညိုကို လက်လွှတ်ရဖွယ် ရှိနေတာကြောင့် သူ့နေရာမှာ အစားထိုးဖို့ ပြိုင်ဘက် မန်စီးတီးအသင်း ကစားသမားကို ချိန်ရွယ်လာနေပါပြီ။
ဖာဘင်ညို က Al-Ittihad အသင်းထံ ပြောင်းရွှေ့ဖို့ လက်ခံထားပြီး ဖြစ်ကာ ကလပ် နှစ်သင်းကြား ပေါင် သန်း ၄၀ ဖြင့် အပြောင်းအရွှေ့ ဖြစ်မြောက်နိုင်ပါတယ်။
ဖာဘင်ညိုဟာ လီဗာပူးအသင်းရဲ့ အဓိက ကွင်းလယ် ခံစစ်သမား ဖြစ်တာနဲ့အတူ ကလော့ပ်တို့ဟာ ကွင်းလယ်လူ နေရာ အစားထိုးဖို့ ကစားသမားသစ် အမြန် ရှာဖွေနေပါပြီ။
ဆောက်သမ်တန်အသင်းမှ ၁၉ နှစ်အရွယ် ရိုမီယို လာဗီယာဟာ လီဗာပူးရဲ့ ပစ်မှတ်ထဲ ပါဝင်ပြီး သူ့အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ ဝန်းကျင် ပေးရမှာပါ။
လီဗာပူး နည်းပြ ကလော့ပ်ကတော့ ဆယ်ကျော်သက်လေး ထက် ပိုပြီး အတွေ့အကြုံရှိ ကွင်းလယ်လူ တစ်ဦးကို ခေါ်ယူလိုနေတာ ဖြစ်ကာ မန်စီးတီးအသင်းမှ ကယ်ဗင် ဖီးလစ်ကို မျက်စိကျနေပါတယ်။
လီဗာပူးအသင်းရဲ့ ပစ်မှတ်ထဲမှာ ဖီးလစ် အပြင် ဘရိုက်တန်မှ ကိုင်ဆီဒို၊ ဖီအိုရင်တီးနား မှ အမရာဘတ်နဲ့ ဘိုင်ယန်မြူးနစ်မှ ဂရာဗင်ဘက်ချ် တို့လည်း ပါဝင်နေပါတယ်။
ကယ်ဗင်ဖီးလစ် ကို ဘိုင်ယန်မြူးနစ်ကလည်း စိတ်ဝင်စားနေပြီး ကစားသမားကတော့ မန်စီးတီး အသင်းထံ ရာသီကြို အတွက် ပူးပေါင်းဖို့သာ စိတ်အားတက်ကြွနေပါတယ်။