လီဗာပူး တက္ကသိုလ်ကျောင်းသားလေးရဲ့ ကင်ဆာ ကုသဖို့ စရိတ် မျှဝေ လှူပေးခဲ့တဲ့ ဂျက် ဂရီးလစ်ချ်

ခါးနာဝေဒနာခံစားနေရရာမှာ ကင်ဆာ ဖြစ်နေလို့ ကုသမှုကြီး ခံယူရတော့မယ့် ကျောင်းသားလေး တစ်ယောက်ကို မန်ချက်စတာစီးတီး ကစားသမား ဂျက် ဂရီးလစ်ချ်က စတာလင်ပေါင် ၅ ထောင် လှူဒါန်းခဲ့ပါတယ်။

ဒိုင်လန်လန့်ဘ်လို့ အမည်ရတဲ့ အသက်-၂၀ အရွယ် ကျောင်းသားဟာ ခါးနာဝေဒနာကို ရိုးရိုးကြွက်သား နာကျင်မှုလို့ ထင်မှတ်ခဲ့သော်လည်း ဆရာဝန်နဲ့ပြသပြီးနောက် Precursor T-cell Acute Lymphoblastic Leukaemia ရောဂါ ဖြစ်နေကြောင်းသိရှိလိုက်ရပါတယ်။

ဒိုင်လန်ဟာ အသက်ရှင်ဖို့ တစ်ခုတည်းသောမျှော်လင့်ချက်မှာ အမေရိကကို သွားရောက် ကုသရမှာဖြစ်ပြီး အဆိုပါ ကုန်ကျစရိတ်ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် GoFundMe က ပေါင် ၉ သောင်းလှူဒါန်းခဲ့ပါတယ်။

မန်ချက်စတာစီးတီးကြယ်ပွင့် ဂရီးလစ်ချ်က အဆိုပါ လီဗာပူးတက္ကသိုလ်ကျောင်းသားရဲ့ အခြေအနေကို ကြားသိရပြီးနောက် အင်စတာဂရမ်တွင် ထိုအကြောင်းကို “ကျေးဇူးပြုပြီး ဖတ်ကြည့်ပေးပါ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားဝေမျှခဲ့ပါတယ်။

ဒိုင်လန်ရဲ့ကင်ဆာရောဂါတိုက်ပွဲအကြောင်းဆွေးနွေးရာတွင် ၎င်းရဲ့ချစ်သူက

“အခြေအနေက တဖြည်းဖြည်း ဆိုးလာနေပါတယ်။ သူအစာစားချင်စိတ်လည်းပျောက်နေပြီး ဖျားနေပါတယ်။ သူ့အမေက သူ့ကို A&E ကိုခေါ်သွားပြီးသွေးစစ်ကြည့်လိုက်တော့ သွေးထဲမှာသွေးဖြူဥတွေရှိနေတာကို တွေ့ခဲ့ရပါတယ်။

အဖြစ်အပျက်က အရမ်းမြန်ဆန်ပါတယ်။ သူ့မှာ Precursor T-cell Acute Lymphoblastic Leukaemia ကိုစစ်ဆေးတွေ့ရှိခဲ့ပြီး ၃ ရက် အကြာမှာတော့ ဓာတုကုထုံးကိုစတင်ခံယူခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ယခုအခါ ဒိုင်လန်ဟာ ဒါဘီရှီးယားရှိ ဆွက်ဒ်လင်ကုတ်မြို့မှာ ပင်မဆဲလ်အစားထိုးကုသမှုကို ခံယူလျက် ရှိပါတယ်။