မန်စီးတီးကို ဘယ်အသင်း က အဓိက စိန်ခေါ်မလဲ သုံးသပ်ဟောကိန်းထုတ်လိုက်တဲ့ ဝိန်း ရွန်းနီ

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ မေဂျာလိဂ်ကလပ် ဒီစီ ယူနိုက်တက်ရဲ့ နည်းပြလည်း ဖြစ်တဲ့ ဝိန်း ရွန်းနီက လာမယ့် ရာသီ ပရီးမီးယားလိဂ်မှာ မန်စီးတီးကို ဘယ်အသင်း အဓိက စိန်ခေါ်မလဲ သုံးသပ်သွားခဲ့ပါတယ်။
ရွန်းနီက ယခု နွေဈေးကွက် အတွင်းမှာ ကိုင် ဟားဗက်ဇ် ၊ တင်းဘား ၊ ဒီကလန်ရိုက်စ်တို့လို အရည်အသွေးမြင့် ကစားသမားတွေကို ခေါ်ယူထားနိုင်တဲ့ အာဆင်နယ်ဟာ ရာသီသစ်မှာ မန်ချက်စတာ စီးတီးရဲ့ လိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ယူဆထားတာပါ။
ဝိန်း ရွန်းနီက – “အာဆင်နယ်က အရမ်းကောင်းတဲ့ ဘောလုံးရာသီ တခု ရခဲ့တယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့ရာသီရဲ့ ရလဒ်တွေကြောင့် သူတို့အသင်းက အရှေ့ကို ခြေတလှမ်း တိုးနိုင်ခဲ့ပါတယ်။ ပြီးတော့ သူတို့တွေ ခေါ်ယူထားတဲ့ ကစားသမားတွေကြောင့် အာဆင်နယ်ဟာ လာမယ့်ရာသီမှာ မန်ချက်စတာ စီးတီးကို စိန်ခေါ်နိုင်စွမ်း ရှိပါလိမ့်မယ်။
လီဗာပူးနဲ့ ချယ်လ်ဆီးတို့ကလည်း အရင်နှစ်ထက် ပိုပြီး တိုးတက်လာပါလိမ့်မယ်။ ပြီးတော့ ကျွန်တော့်ရဲ့ မန်ချက်စတာ ယူနိုက်တက်ကလည်း အရင်ထက် ပိုပြီး ကောင်းလာဖို့ မျှော်လင့်ထားပါတယ်။
အာဆင်နယ်ကတော့ ထိပ်တန်း ကစားသမားတွေကို ခေါ်ယူထားနိုင်တာကြောင့် သူတို့ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ထပ်မံ စိန်ခေါ်နိုင်ပါလိမ့်မယ်” လို့ သုံးသပ်စကား ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ကွင်းလယ်ကြယ်ပွင့်ဟောင်း မီခေး အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာကို အချိန်ကြာမြင့်စွာ သိမ်းပိုက်နိုင်ခဲ့ပေမယ့် ရာသီကုန်ခါနီးမှာ အဓိက ကစားသမားတွေ ဒဏ်ရာရသွားတာကြောင့် ခြေစွမ်းတွေ ယိမ်းယိုင်ခဲ့ရင်း ချန်ပီယံဆုကိုလည်း မန်စီးတီးထံ လက်လွှတ်ခဲ့ရပါတယ်။
ဒါကြောင့်ပဲ အာတီတာနဲ့ အာဆင်နယ်ရဲ့ ဘုတ်အဖွဲ့က သူတို့တွေ လက်လွှတ်ခဲ့ရတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို လာမယ့် ဘောလုံးရာသီမှာ အရယူဖို့ အတွက် ယခု နွေဈေးကွက် အတွင်းမှာ ထိပ်တန်း ကစားသမား သုံးဦး ဖြစ်တဲ့ ဟားဗက်ဇ် ၊ တင်းဘားနဲ့ ဒီကလန်ရိုက်စ်တို့ကို ပြောင်းရွှေ့ကြေး ယူရို ၂၀၀သန်းကျော် သုံးစွဲကာ ခေါ်ယူခဲ့ပါတယ်။
ဂျာမဏီ တိုက်စစ်မှူး ဟားဗက်ဇ် ၊ နယ်သာလန် ခံစစ်မှူး တင်းဘားနဲ့ အင်္ဂလန် ကွင်းလယ်ကြယ်ပွင့် ဒီကလန်ရိုက်စ်တို့ ရောက်လာတာကြောင့် အာဆင်နယ်က ကစားသမား အင်အားပိုင်းမှာ ဖလား ၃လုံး ချန်ပီယံ မန်ချက်စတာ စီးတီးကို ယှဉ်နိုင်စွမ်း ရှိလာပြီး ဘောလုံးရေးရာ ကျွမ်းကျင်သူ အများစုကတော့ အာဆင်နယ်ဟာ ရာသီသစ်မှာ မန်ချက်စတာ စီးတီးရဲ့ အဓိကပြိုင်ဘက် ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးနေကြပါတယ်။