မာရက်ဇ် ကို လက်လွှတ်ဖို့ သေချာသွားတဲ့နောက် မန်စီးတီး ပြန်ခေါ်မယ့် အစားထိုး ပစ်မှတ် ကစားသမား

မန်ချက်စတာ စီးတီးအသင်းကတော့ ဆော်ဒီကလပ် အယ်လ် အာလီအသင်းဆီ ပြောင်းရွှေ့သွားတော့မယ့် တောင်ပံ တိုက်စစ်သမား ရီးယတ်ဒ် မာရက်ဇ် နေရာမှာ ပြန်လည် အစားထိုးဖို့အတွက် ဘာစီလိုနာရဲ့ ဘရာဇီးလ် တောင်ပံ ကစားသမား ရာဖင်ဟာကို မျက်စိကျနေတယ်လို့ သိရပါတယ်။
မာရက်ဇ်ကို ဆော်ဒီ ပရိုလိဂ်ကလပ် အယ်လ် အာလီအသင်းက ခေါ်ယူဖို့ ကမ်းလှမ်းညှိနှိုင်းမှုတွေ ဆက်တိုက် လုပ်နေရာက ပြောင်းရွှေ့ကြေး ယူရို သန်း (၃၀) + အပိုဆုကြေး ယူရို (၅)သန်း ပေးချေဖို့ သဘောတူညီမှု ရရှိသွားခဲ့ပါတယ်။
ဒါ့အပြင် အယ်လ် အာလီက မာရက်ဇ်ကို (၃)နှစ် + (၁)နှစ် စာချုပ် ချုပ်ဆိုသွားမှာဖြစ်ပြီး မာရက်ဇ်အနေနဲ့ အယ်လ် အာလီမှာ လုပ်ခလစာ များစွာလည်း ရရှိသွားဖို့ ရှိနေပါတယ်။
မာရက်ဇ်လို အသင်းအတွက် အမှန်တကယ် အသုံးဝင်တဲ့ ကစားသမားတစ်ဦးကို လက်လွှတ် သွားရတော့မယ့် မန်စီးတီးက မာရက်ဇ် နေရာမှာ အစားထိုးဖို့အတွက် လိဒ်စ် ယူနိုက်တက် ကစားသမားဟောင်း ရာဖင်ဟာကို စိတ်ဝင်စားလာခဲ့ပါတယ်။
ယခင်က ရာဖင်ဟာရဲ့ အေးဂျင့်အဖြစ် ဆောင်ရွက်ခဲ့ဖူးသူ ဒေကိုက လက်ရှိမှာ ဘာစီလိုနာအသင်းရဲ့ ဒါရိုက်တာအဖြစ် ဆောင်ရွက်နေသလို သူရဲ့ကစားသမားကိုလည်း အင်္ဂလန်မြေဆီ ပြန်လည် ပို့ဆောင်ဖို့ စီစဉ်နေပါတယ်။
ဘာစီလိုနာက သြဂုတ်လနှောင်းပိုင်းမှာ ကစားသမားတွေကို မှတ်ပုံတင်နိုင်ဖို့အတွက် ကစားသမားတချို့ ထုတ်ရောင်းသွားရဖို့ ရှိနေပြီး အသင်းရဲ့ ရောင်းထုတ်ရမယ့် စာရင်းထဲမှာလည်း ရာဖင်ဟာ ပါဝင်လို့ နေပါတယ်။
လက်ရှိမှာ ဘာစီလိုနာအသင်းက ကစားသမား (၃)ဦးခန့် ခေါ်ယူထားပေမယ့်လည်း အသင်းက ကစားသမားတွေ ပြန်လည် ရောင်းချနိုင်ခြင်း မရှိသေးတာကြောင့် ကစားသမားသစ် မှတ်ပုံတင်ဖို့က ခက်ခဲနိုင်သလို လိုအပ်တဲ့ ကစားသမားတွေကို ထပ်မံ ခေါ်ယူဖို့ပါ မလွယ်နိုင်တာကြောင့် ရာဖင်ဟာကိုသာ စီးတီးက ကမ်းလှမ်းလာမယ်ဆိုရင် ရောင်းထုတ်သွားရဖွယ် ရှိနိုင်ပါတယ်။