ခံစစ်နဲ့ တိုက်စစ် ကစားသမား ၂ ဦးကို ဒီတလောမှာ ရအောင် ခေါ်တော့မယ့် မန်စီးတီးရဲ့ လှုပ်ရှားမှု

မန်ချက်စတာ စီးတီးအသင်းဟာ ရာသီသစ်အတွက် ကစားခေါ်ယူ အားဖြည့်မှုတွေကို စတင်လာနေပြီ ဖြစ်ကာ အဓိက ခေါ်ယူမှုကြီးတွေကို ဒီအပတ်တွေ အတွင်း မြင်တွေ့ရဖို့ ရှိနေပြီ ဖြစ်ပါတယ်။

မန်စီးတီးဟာ ဒီနွေမှာ လူငယ် ကစားသမားတွေကို ရောင်းထုတ်မှုတွေ ပြုလုပ်နေခဲ့ပြီး ဂွမ်ဒိုဂန်ကို အလွတ်ဖြင့် ထွက်ခွင့်ပေးထားရပါတယ်။

ဒါ့အပြင် ကိုဗာဆစ်ကို ပြန်လည် ခေါ်ယူထားခဲ့တဲ့ စီးတီးက လူအင်အားဖြည့်မှုတွေ ထပ် လုပ်ဖို့ လိုအပ်နေသေးတာပါ။ ကန်ဆယ်လိုကို မရောင်းချနိုင်သေးခင် ဂျပန်ခရီးစဉ်မှာ ခေါ်ယူသွားဦးမှာ ဖြစ်ပါတယ်။

ဒီနွေမှာ စီးတီး အင်အားဖြည့်မယ့် နေရာတွေက ခံစစ်နဲ့ တိုက်စစ်ဖြစ်ပြီး လာလီဂါ ရောက်သွားနိုင်တဲ့ ခံစစ်မှူး လာပေါ့နဲ့ ဆော်ဒီလိဂ်ထံ ပြောင်းမယ့် မာရက်ဇ်နေရာ အစားထိုးလိုတာပါ။

ဘာနာဒိုပါ ထွက်ခွာခဲ့ရင် အားပျော့လာမယ့် ကွင်းလယ်အတွက် လူသစ် တစ်ဦး ခေါ်ယူဖို့လည်း ကြိုးစားလာနိုင်ပါတယ်။

ဒီသီတင်းပတ်တွေ အတွင်းမှာ မန်စီးတီးဟာ ကစားသမား သစ် ၂ ဦး ခေါ်ယူဖို့ ပေါင် သန်း ၁၅ဝ ထိ ထုတ်သုံးလာနိုင်ပါတယ်။

လိုက်ဇစ် ခံစစ်မှူး ဂါဗာဒီယိုဟာ မန်စီးတီးအသင်းထံ ပေါင် သန်း ၉၀ ဖြင့် ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့ပြီ လို့ သတင်းဌာနကြီးတွေက ဖော်ပြနေကြပြီ ဖြစ်ပါတယ်။

၎င်းပြီးနောက် မန်စီးတီးဟာ တိုက်စစ်အတွက် မာရက်ဇ်နေရာမှာ ဘာစီလိုနာ တိုက်စစ်သမား ရာဖင်ညာဖြင့် ပြန်လည် အစားထိုးလိုနေပါတယ်။ စီးတီးဘက်က အလေးအနက် စိတ်ဝင်စားတာနဲ့အတူ ဘောလုံးဒါရိုက်တာ တက္ကဆီ နဲ့ ဘာစီလိုနာဘက်က ဒေကိုတို့ ဆွေးနွေးနေပြီ ဖြစ်ပါတယ်။

ဘရာဇီးသား တိုက်စစ်သမား အတွက် ပြောင်းရွှေ့ကြေးကတော့ ပေါင် ၅၅-၆၀ သန်းကြား ကျသင့်မယ်လို့ တွက်ဆ ခံထားရပါတယ်။