ယိုကိုဟားမားနဲ့ ပွဲက ခြေစွမ်းကြောင့် မန်စီးတီး ပရိသတ်တွေ ပြန်ကြိုဆိုတာ ခံလာရတဲ့ ကန်ဆယ်လို

မန်စီးတီး နောက်ခံလူကန်ဆယ်လိုဟာ ယိုကိုဟားမားနဲ့ခြေစမ်းပွဲမှာ တိုက်စစ်မှူး ဟာလန်း ဂိုးသွင်းနိုင်အောင် တိကျသေချာတဲ့ ဖြတ်တင်ဘောနဲ့ ဖန်တီးပေးခဲ့ပြီး မန်စီးတီးပရိသတ်တွေက ကန်ဆယ်လိုရဲ့ စွမ်းဆောင်ရည် အပေါ် ချီးကျူးစကားဆိုခဲ့ကြပါတယ်။

ဖလား(၃)လုံးချန်ပီယံမန်စီးတီးအသင်းဟာ ရာသီကြိုပထမဆုံး ခြေစမ်းပွဲအဖြစ် ယိုကိုဟားမားအသင်းနဲ့ စတင်ကစားခဲ့ပြီး အန်ဒါဆင်လိုပက်ဇ်၊ မက်ဆုဘာရာတို့ရဲ့ ဂိုးတွေကြောင့် ပထမပိုင်း(၃၇)မိနစ်မှာပဲ (၂-ဝ)ဂိုးပြတ်ရှုံးခဲ့ပါတယ်။

ဒါပေမဲ့ မိနစ်(၄၀)မှာ နောက်ခံလူ ဂျွန်စတုန်းစ်က၊ (၄၃)မိနစ်မှာ အယ်လ်ဗာရက်ဇ်တို့က ချေပဂိုးတွေ ပြန်သွင်းခဲ့သလို (၅၂)မိနစ်မှာ ဟာလန်း၊ (၇၂)မိနစ်မှာ ရိုဒရီတို့က ဦးဆောင်ဂိုးတွေ သွင်းယူခဲ့ပြီး (၈၆)မိနစ်မှာ အင်နူအီက ယိုကိုဟားမားအတွက် တတိယ ဂိုးသွင်းခဲ့ပေမယ့် (၉၂)မိနစ်မှာတော့ ဟာလန်းက ပဉ္စမဂိုးကို သွင်းယူခဲ့ပါတယ်။

ဟာလန်းရဲ့ နောက်ဆုံးဂိုးက ညာခြမ်းကနေ ကန်ဆယ်လို ဂိုးရှေ့ချိုးပေးလိုက်တာကို ဟာလန်းက အလိုက်သင့် ပြေးဝင်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။

ကန်ဆယ်လိုဟာ ပြီးခဲ့တဲ့ ရာသီဝက်က ဘိုင်ယန်မြူးနစ်အသင်းကို အငှားနဲ့သွားရောက် ကစားခဲ့ရပြီး ဘိုင်ယန်မြူးနစ် အသင်းက ကန်ဆယ်လိုကို အပြီးသတ်ခေါ်ယူမယ်လို့ သတင်းထွက်ခဲ့ပေမယ့် တရားဝင်မဖြစ်လာခဲ့ပါဘူး။

အသက်(၂၉)နှစ်အရွယ်ရှိပြီဖြစ်သူ ပေါ်တူဂီလက်ရွေးစင်ကစားသမား ကန်ဆယ်လိုဟာ နည်းပြဂွါဒီယိုလာနဲ့ အဆင်မပြေဖြစ်ခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်အသင်းကို အငှားချခံရတာဖြစ်တယ်လို့ ဗြိတိန် မီဒီယာတွေက ဖော်ပြခဲ့ပေမယ့် ကန်ဆယ်လိုက ငြင်းဆန်ခဲ့ပါတယ်။

အခုနွေရာသီကာလအတွင်း မန်စီးတီးကနေ ကန်ဆယ်လို ထွက်ခွာဖို့ နီးစပ်နေပေမယ့် မန်စီးတီး ပရိသတ်တွေကတော့ ကန်ဆယ်လိုကို အသင်းမှာ ဆက်ထိန်းထားဖို့ လူမှုကွန်ယက်ကနေ အခုလို တောင်းဆိုနေကြပါတယ်။

‘ကျွန်တော်ကတော့ ကန်ဆယ်လိုကို အသင်းမှာပဲ ဆက်ရှိနေစေချင်ပါတယ်။ ဒီဘရိုင်းနား မပါဝင်နိုင်တဲ့ အခုလိုပွဲမျိုးမှာ ကန်ဆယ်လိုသာမရှိရင် ကျွန်တော်တို့ကိုအသင်းကို ပြိုင်ဘက်က ပြုတ်စားသွားလောက်ပါပြီ။ ဒီဘရိုင်းနားကလွဲရင် ကန်ဆယ်လို လိုမျိုး ဖြတ်တင်ဘောပေးနိုင်တဲ့သူ ကျွန်တော်တို့ အသင်းမှာ မရှိပါဘူး’

‘ကန်ဆယ်လို ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ကျွန်တော်တို့ ခွင့်လွှတ်မေ့ထားလိုက်ပါပြီ။ အသင်းကို ပြန်လာတာ ကြိုဆိုပါတယ် . .ကန်ဆယ်လိုရေ’၊ ‘ဒီရာသီမှာ ကန်ဆယ်လို,လိုမျိုး ကစားသမားကို ကျွန်တော်တို့အသင်းမှာ လိုအပ်နေပါတယ်’လို့ မန်စီးတီးပရိသတ်တွေက တွစ်တာ မှာ ရေးသားခဲ့ပါတယ်။