မန်စီးတီး အသင်းသားက အခက်ဆုံး ပြိုင်ဘက် ဖြစ်ကြောင်း ဖော်ထုတ်လာတဲ့ မန်ယူတိုက်စစ်မှုး ရက်ဖို့ဒ်

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး ရက်ဖို့ဒ်ဟာ သရဲနီဟောင်းကြီး နဗီးလ်နဲ့ အမေးအဖြေမှာ မန်စီးတီး ကစားသမားက သူ့အတွက် အခက်ခဲဆုံး ပြိုင်ဘက်လို့ ဖြေကြားသွားခဲ့ပါတယ်။

တိုက်စစ်မှုး ရက်ဖိုဒ့်ကို စကိုင်းစပေါ့ရဲ့ The Overlap ပရိုဂရမ်အတွက် ဂယ်ရီနဗီးက သွားရောက် မေးမြန်းမှု လုပ်ခဲ့ပါတယ်။ အဲ့ထဲမှာတော့ ရက်ဖိုဒ့်အတွက် ရင်ဆိုင်ရ အခက်ခဲဆုံး ပြိုင်ဘက် အကြောင်း မေးခွန်းလည်း ပါခဲ့ပါတယ်။

ရက်ဖိုဒ့်ကတော့ ” ကျနော်ကတော့ ဝေါ်ကာလို့ ဖြေရပါမယ်။ သူက ရုပ်ပိုင်းဆိုင်ရာ သိပ်ကောင်းသလို သူ့ကို ရင်ဆိုင်ရတာ မလွယ်ပါဘူး။ သူ့ကို ခြေယောင်ပြ လိမ်ခေါက်နိုင်ရင်တောင်မှ သူက ပြန်လိုက်နိုင်စွမ်း ရှိပြီး သူ့ကို ကျော်ဖြတ်သွားဖို့က ခက်ခဲပါတယ် ‘ လို့ ဖြေဆိုပေးခဲ့တယ်။

ကစားသမားဘဝ မကြိုက်ဆုံး အသင်းတွေထဲက တစ်ခုအဖြစ် မန်ချက်စတာ ယူနိုက်တက် ဒါဘီပြိုင်ဘက် မန်စီးတီးနဲ့ လီဗာပူး နှစ်သင်းထဲက တစ်သင်းတည်းကို ရွေးပေးဖို့ နဗီးက တောင်းဆိုခဲ့တယ်။

ရက်ဖိုဒ့်က တွန့်ဆုတ်ခြင်းတောင် မရှိပါဘဲ ‘လီဗာပူးပေါ့။ နှစ်သင်းလုံးကို မကြိုက်ပေမယ့် လီဗာပူးကိုတော့ ပိုလို့ ကြည့်မရပါဘူး ‘ လို့ ဖြေဆိုသွားတာ ဖြစ်ပါတယ်။

မနှစ်ကရာသီဟာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်သမား ရက်ဖို့ဒ် အတွက် ပုဂ္ဂိုလ်ရေးအရ အောင်မြင်တဲ့ ဘောလုံးရာသီ တစ်ခုဖြစ်ခဲ့ပါတယ်။

ကစားသမားဘဝ အမြင့်ဆုံး စွမ်းဆောင်နိုင်မှု အဖြစ် ပြိုင်ပွဲစုံ သွင်းဂိုး ၃၀ ရရှိခဲ့သလို ကာရာဘောင်းဖလား ကိုင်မြှောက်နိုင်ခဲ့တယ်။ ဒါ့အပြင် အိုးထရတ်ဖိုဒ့်ကွင်းမှာ ချန်ပီယံလိဂ် တေးသွားတွေ ပြန်ပြီး ကြားလာရစေဖို့ ရက်ဖိုဒ့် အများကြီး ကူညီပေးခဲ့ပါတယ်။