ဘောလုံး ကစားခြင်းကနေ ရုတ်တရက် အနားယူလိုက်ရလို့ ဝမ်းနည်းစွာ နှုတ်ဆက်သွားတဲ့ စီးတီး ဂန္တဝင် ဒေးဗစ်ဆေးလ်ဗား

အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်သူ စပိန်နဲ့ မန်စီးတီး ဂန္ထဝင်ကစားသမား ဒေးဗစ်ဆေးလ်ဗား ဟာ ဒီနွေ ရာသီကြိုလေ့ကျင့်ခန်း အစီအစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ဘောလုံးသမားဘဝကနေ ရုတ်တရက် အနားယူလိုက်ရပြီဖြစ်ပါတယ်။

ဆိုစီဒက်အသင်း ကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗားက ဘောလုံးသမားဘဝက အနားယူလိုက်ပြီဆိုတဲ့ သတင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အတည်ပြုခဲ့ပြီး အခုလို နှုတ်ဆက်သွားပါတယ်။

‘ဒီနေ့ဟာ ကျွန်တော့်အတွက် ဝမ်းနည်းစရာအကောင်းဆုံးနေ့ပါပဲ။ ကျွန်တော့်ဘဝ တစ်လျှောက်လုံး အာရုံနှစ်မြုပ်ခဲ့တဲ့ ဘောလုံးလောကကို ဒီနေ့မှာ နှုတ်ဆက်ရမယ့်အချိန်ရောက်လာပါပြီ။

ဒါ့အပြင် ကျွန်တော့်အတွက် မိသားစုလိုဖြစ်ခဲ့တဲ့ အသင်းဖော်တွေနဲ့ နှုတ်ဆက်လမ်းခွဲရမယ့် အချိန် ရောက်ရှိလာပြီး သူတို့အားလုံးကို ကျွန်တော် အမြဲတမ်း သတိရနေမှာပါ’လို့ Post တင်ခဲ့ပါတယ်။

မန်စီးတီးအသင်းကလည်း သူတို့ကစားသမားဟောင်းအတွက် ဂုဏ်ပြုနှုတ်ဆက်စာ ရေးသားခဲ့ပြီး

‘ဘောလုံးသမားဘဝကနေ အနားယူသွားတဲ့ ဒေးဗစ်ဆေးလ်ဗားအတွက် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ မန်စီးတီးအသင်းမှာ ကစားခဲ့တဲ့ (၁၀)နှစ်တာကာလအတွင်း အကောင်းဆုံး စွမ်းဆောင်ပေးခဲ့တဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်’လို့ ရေးသားခဲ့ပါတယ်။

ဗလင်စီယာအကယ်ဒမီကနေ ထွက်ပေါ်ခဲ့သူ ဒေးဗစ်ဆေးလ်ဗားဟာ ဗလင်စီယာအသင်းအတွက် ၂၀၀၄ ကနေ ၂၀၁၀ ခုနှစ်အထိကစားခဲ့ပြီး ၂၀၀၇-၀၈ ရာသီမှာ စပိန်ဘုရင့်ဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။

၂၀၁၀ ခုနှစ်မှာတော့ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး မန်စီးတီးကစားသမားဘ၀ (၁၀)နှစ်တာ ကာလအတွင်း ပွဲပေါင်း (၄၃၆)ပွဲကစား၊ (၇၇)ဂိုးသွင်းယူခဲ့ပါတယ်။

စီးတီးနဲ့ အတူ ပရီးမီးယားလိဂ်(၄)ကြိမ်၊ FA ဖလား(၂)ကြိမ်၊ လိဂ်ဖလား(၅)ကြိမ်၊ ကွန်မြူနတီဒိုင်း(၂)ကြိမ် ရရှိခဲ့တာကြောင့် အသင်းရဲ့ဂန္ထဝင်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

၂၀၂၀ ခုနှစ်မှာ မန်စီးတီးအသင်းနဲ့ လမ်းခွဲခဲ့ပြီးတဲ့နောက် ဒေးဗစ်ဆေးလ်ဗားဟာ ဆိုစီဒက်အသင်းနဲ့အတူ လာလီဂါမြေကို ပြန်လည်ခြေချခဲ့ပြီး ၁၉၈၇ ခုနှစ်နောက်ပိုင်း အဓိက ဆုဖလားအဖြစ် ၂၀၁၉-၂၀ရာသီမှာ စပိန်ဘုရင့်ဖလားရရှိအောင် ကူညီပေးခဲ့ပါတယ်။

ဆိုစီဒက်အသင်းမှာ အဓိကကွင်းလယ်လူအဖြစ် ပါဝင်ကစားခွင့်ရရှိခဲ့ပေမယ့် ဒေးဗစ်ဆေးလ်ဗားဟာ အခုရာသီကြို ကာလအတွင်း လေ့ကျင့်ခန်းအစီအစဉ်မှာ ဒူးအရွတ်စုတ်ပြဲတဲ့ ဒဏ်ရာ ရရှိခဲ့ပြီး ဘောလုံးသမား ဘဝကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဒေးဗစ်ဆေးလ်ဗားဟာ စပိန် လက်ရွေးစင်အသင်းအတွက် ကစားခဲ့တဲ့ ၂၀၀၆ ကနေ ၂၀၁၈ ခုနှစ်အတွင်း ပွဲပေါင်း (၁၂၅)ပွဲကစား၊ (၃၅)ဂိုးသွင်းပြီး အသင်းနဲ့အတူ သမိုင်းဝင်အောင်မြင်မှုအဖြစ် ၂၀၁၀ ကမ္ဘာ့ဖလား၊ ယူရို-၂၀၀၈၊ ယူရို-၂၀၁၂ ချန်ပီယံဆုတွေ ဆွတ်ခူးနိုင်ခဲ့ပါတယ်။