လာမယ့် ရာသီမှာ သူ့ အသင်းဟောင်းတွေကပဲ မန်စီးတီးကို စိန်ခေါ်နိုင်မယ် ပြောလာတဲ့ ဆီဗက်စတြာ
မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့ရဲ့ ခံစစ်မှူးဟောင်း တဦး ဖြစ်သူ ဆီဗက်စတြာ က လာမယ့် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ သူ့ရဲ့ အသင်းဟောင်း နှစ်သင်းကပဲ ပရီးမီးယားလိဂ် မှာ မန်ချက်စတာ စီးတီးရဲ့ ချန်ပီယံဘွဲ့ကို စိန်ခေါ်နိုင်လိမ့်မယ်လို့ သုံးသပ်စကား ပြောကြားသွားခဲ့ပါတယ်။
ကစားသမားသစ်တွေကြောင့် မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့က ယမန်နှစ်ရာသီထက် ကစားသမား အင်အား ပိုမို တောင့်တင်းလာသလို နှစ်သင်းစလုံးက ယခင်ထက် ကစားပုံတွေ ပိုကောင်းလာတာကိုလည်း ရာသီကြို ခြေစမ်းပွဲတွေမှာ မြင်တွေ့နေရပါတယ်။
ကစားသမားသစ်တွေ ခေါ်ယူထားနိုင်မှုနဲ့ ခြေစွမ်းပိုင်း တိုးတက်လာမှုတို့ကြောင့်ပဲ ဆယ်ဗစ္စတာက သူ့ရဲ့ အသင်းဟောင်းတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့က ရာသီသစ်မှာ မန်ချက်စတာ စီးတီးကို စိန်ခေါ်နိုင်စွမ်း ရှိလိမ့်မယ်လို့ ထင်မြင်နေတာပါ။
ဆီဗက်စတြာ က – “ကျွန်တော်ကတော့ ရာသီသစ်မှာ အာဆင်နယ်က မန်ချက်စတာ စီးတီးကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ပြီးတော့ မန်ချက်စတာ ယူနိုက်တက်ကလည်း သူတို့နဲ့ စီးတီးကြားက ကွာဟချက်ကို လျှော့ချနိုင်ပါလိမ့်မယ်။
သူတို့နှစ်သင်းကပဲ စီးတီးကို စိန်ခေါ်နိုင်မှာပါ။ လီဗာပူးကတော့ သူတို့ရဲ့ အခြေအနေတွေကြောင့် ရာသီသစ်မှာ ဘယ်လိုမျိုး စွမ်းဆောင်ပြနိုင်မလဲ ဆိုတာ မှန်းဆရ ခက်နေပါတယ်။
ဒါကြောင့် ကျွန်တော်ကတော့ ရာသီသစ်မှာ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့က စီးတီးရဲ့ အဓိကပြိုင်ဘက်တွေ ဖြစ်လာမယ်လို့ပဲ ခန့်မှန်းချင်ပါတယ်” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့က ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီးကြောင့် ဆုဖလားတွေ လက်လွှတ်ခဲ့ရတဲ့ အသင်းတွေ ဖြစ်ပြီး မန်ချက်စတာ စီးတီးက ယူနိုက်တက်ကို အနိုင်ယူကာ အက်ဖ်အေဖလား ချန်ပီယံ ဖြစ်ခဲ့သလို အာဆင်နယ်ကို နောက်ကောက်ချကာ ပရီးမီးယားလိဂ် ချန်ပီယံဆုကိုလည်း သိမ်းပိုက်ခဲ့ပါတယ်။