၅ နှစ်တာမှာ မမေ့နိုင်တဲ့ အမှတ်တရ တွေနဲ့ လို့ နှုတ်ဆက်စကား ဆိုသွားတဲ့ စီးတီးတောင်ပံ မာရက်ဇ်
မန်စီးတီးအသင်း တောင်ပံတိုက်စစ်ကစားသမား မာရက်ဇ်ဟာ ဆော်ဒီကလပ် အယ်လ်ဟာလီ အသင်းထံ အပြီးသတ် ပေါင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။
မန်စီးတီးအသင်းနဲ့ ၅ နှစ်ကြာ အတူဖြတ်သန်းခဲ့တဲ့ မာရက်ဇ်ဟာ အယ်လ်ဟာလီအသင်းထံ ပေါင် သန်း ၃၀ နဲ့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပြီး အဆမတန် မြင့်မားတဲ့ လစာတစ်ရပ် ရရှိပိုင်ဆိုင်သွားမှာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းအတွက် စုစုပေါင်း ၂၃၆ ပွဲအထိ ကစားခွင့်ရခဲ့တဲ့ မာရက်ဇ်ဟာ ပရီးမီးယားလိဂ် ဖလား ၄ လုံးအပါဝင် ချန်ပီယံဆုဖလားကိုလည်း ပြီးခဲ့တဲ့ရာသီက ရယူပေးနိုင်ခဲ့သူ တစ်ယောက်ဖြစ်ပြီး နည်းပြ ဂွာဒီယိုလာရဲ့ အလှည့်ကျ လူထုတ်ပုံကြောင့် ယခုလို အသင်းသစ် တစ်သင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

မာရက်ဇ်က “ မန်စီးတီးအသင်းအတွက် ကစားခွင့်ရခဲ့တာက တကယ့် အခွင့်ထူးတစ်ခုပါပဲ၊ ကျွန်တော် ဆုဖလားများစွာ ရရှိပိုင်ဆိုင်နိုင်ခဲ့သလို ကစားသမားဘ၀ အကောင်းဆုံး အခိုက်အတန့်တွေ ရရှိခဲ့ပါတယ်။
၅ နှစ်တာ ကာလအတွင်း ကမ္ဘာ့အကောင်းဆုံး နည်းပြ နဲ့အတူ လက်တွဲခွင့်ရခဲ့သလို အသင်းဖော်တွေ၊ ပရိသတ်တွေနဲ့ မမေ့နိုင်တဲ့ အမှတ်တရတွေကို ဖန်တီးနိုင်ခဲ့ပါတယ် ” ဆိုပြီး နှုတ်ဆက်စကား ပြောဆိုသွားခဲ့ပါတယ်။
မန်စီးတီးဟာ ၂၀၁၈ ခုနှစ်တုန်းက မာရက်ဇ်ကို လက်စတာမှ ပေါင်သန်း ၆၀ ဖြင့် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ပုံမှန်ပွဲထွက်ခွင့် မရခဲ့ပေမဲ့လည်း မန်စီးတီးအတွက် ၄၇ ပွဲကစားခဲ့ရာမှာ ၁၅ ဂိုးသွင်းယူပြီး သမိုင်းဝင် ဖလား ၃ လုံး ရရှိအောင် ကူညီခဲ့ပါတယ်။
မာရက်ဇ် ဟာ မန်စီးတီးတွင် ကစားတဲ့ ၅ ရာသီအတွင်းတွင် အဓိက ဆုဖလား ၁၀ လုံး ဆွတ်ခူးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
မာရက်ဇ် ထွက်ခွာသွားပြီးတဲ့နောက် မန်စီးတီးမှ ကစားသမား အထွက်က မပြီးပြတ်သေးဘဲ ကိုင်လီဝေါ်ကာ၊ လာပေါ့ထ်၊ ဘာနာဒိုဆေးလ်ဗား တို့ရဲ့ အနာဂတ်မှာလည်း မရေမရာ ဖြစ်နေပါတယ်။
