မာရက်ဇ်ကို မတားနိုင်ခဲ့ကြောင်းနဲ့ ဆော်ဒီ ပရိုလိဂ် အန္တရာယ်အား ထုတ်ဖော်ပြောသွားတဲ့ ပက် ဂွာဒီယိုလာ

ဆော်ဒီအာဏာပိုင်တွေလို တောင့်တင်းတဲ့ ဘဏ္ဍာရေး နောက်ခံ ရှိထားတဲ့ ဆော်ဒီပရိုလိဂ်ဟာ ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ဘောလုံးလောကအတွက် ခြိမ်းခြောက်မှု ဖြစ်လာနေကြောင်း စီးတီး နည်းပြ ပက် ဂွာဒီယိုလာက သတိပေးလာပါတယ်။

ဆော်ဒီကလပ် Al-Ahli အသင်းဟာ မာရက်ဇ်အတွက် မန်စီးတီးအသင်းကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ ပေးခဲ့ပြီး ကစားသမားကို တစ်ပတ်လုပ်ခ ပေါင် ၇၅၀၀၀၀ ထိပေးဖို့ သဘောတူညီချက်နဲ့ ခေါ်ယူသွားခဲ့ပါပြီ။

ဆော်ဒီလိဂ် ထိပ်တန်း အသင်း ၄ သင်းရဲ့ ရှယ်ယာ ၇၅% ထိကို ဆော်ဒီအာဏာပိုင်တွေ ပိုင်ဆိုင် ထားတာပါ။ ၎င်းတို့က ဘီလျံနဲ့ချီတဲ့ အသုံးစရိတ်ကို လျာထားကာ အနာဂတ်မှာလည်း များပြားတဲ့ လုပ်ခတွေဖြင့် ထိပ်တန်း ကစားသမားတွေကို ဥရောပကနေ ဆွဲထုတ်ဦးမှာ ဖြစ်ပါတယ်။

ဆော်ဒီရဲ့ အန္တရာယ်နဲ့ ပတ်သက်ပြီး ဂွာဒီယိုလာက

” မာရက်ဇ်က မယုံနိုင်လောက်တဲ့ ကမ်းလှမ်းမှုကြီးကို ရသွားခဲ့တာပါ။ ဒါကြောင့်ပဲ သူ့ကို အသင်း မပြောင်းပါနဲ့လို့ ကျနော်တို့ မတားနိုင်ခဲ့တာပေါ့။ ကျနော်တို့ကတော့ သူ့ကို အသင်းမှာ ဆက်ထိန်းလိုခဲ့တာ ဖြစ်ပါတယ်။

အရင်လတွေတုန်းက ရော်နယ်ဒို တစ်ဦးပဲ ဆော်ဒီလိဂ်ကို ပြောင်းခဲ့ချိန်မှာ ဘယ်သူကမှ ဒီလောက် ကြယ်ပွင့်တွေ အများကြီး အဲ့ကို ပြောင်းကြမယ် မထင်ခဲ့ဘူး။

အနာဂတ်မှာ ပိုများတဲ့ ကြယ်ပွင့်တွေ ဆော်ဒီလိဂ်ထံ ပြောင်းကြပါလိမ့်မယ်။ ကလပ်တွေ အနေနဲ့ ဒီအခြေအနေကို သတိပြုမိဖို့ လိုပါတယ်။ ဆော်ဒီက ခြိမ်းခြောက်လာနိုင်မှာ မဟုတ်ဘူး တကယ်ကို ခြိမ်းခြောက်လာနေတာပါ။

သူတို့က တောင့်တင်းတဲ့ လိဂ်တစ်ခုကို ဖန်တီးလိုနေတယ်၊ အဲ့လို လုပ်နိုင်မယ့် လိဂ်တစ်ခုလည်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်က အခြားသော လိဂ်တွေထက် အဖွဲ့အစည်းတွေ ပိုကောင်းပြီး ရုပ်သံလွင့်ခ ပိုရလို့ ငွေပိုသုံးနိုင်တာပါ။

ဆော်ဒီလိဂ်က ဘယ်လောက်ကြာကြာ ဒီလောက် ငွေသုံးမလဲ မသိဘူး။ ဒါပေမယ့် ကစားသမားတွေက အဲ့ကို ပြောင်းရွှေ့ ကစားလိုနေကြတယ်။ ဆော်ဒီလိဂ်က ဈေးကွက်ကို ပြောင်းလဲလာစေပါတယ် ’ လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။