ဟာလန်း အစွမ်းကို မေးခွန်းထုတ်ခဲ့တဲ့ သတင်းထောက်အား ခပ်ကြမ်းကြမ်း တုန့်ပြန်သွားတဲ့ ပက် ဂွါဒီယိုလာ

မန်စီးတီးအသင်း နည်းပြ ပက် ဂွါဒီယိုလာ ကတော့ တိုက်စစ်မှူးဟာလန်းရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့တဲ့ သတင်းထောက်ကို F*** စကားလုံးနဲ့ ခပ်ကြမ်းကြမ်း တုံ့ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ဒေ့ါမွန်ကနေ မန်စီးတီးအသင်းကို ပေါင်(၅၁)သန်းနဲ့ ဟာလန်း ရောက်ရှိခဲ့ချိန်မှာ ဂွါဒီယိုလာရဲ့ ပိုင်ဆိုင်မှုအသားပေး ကစားဟန်နဲ့အဆင်ပြေပ့ါမလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။

ဒါပေမဲ့လည်း ဟာလန်းက စံချိန်တင်သွင်းဂိုးမှတ်တမ်းနဲ့အတူ သံသယမေးခွန်းတွေကို အကောင်းဆုံး ချေဖျက်နိုင်ခဲ့ပြီး ပြိုင်ပွဲစုံ(၅၃)ပွဲကစား၊ (၅၂)ဂိုးအထိ သွင်းခဲ့ပါတယ်။

ဒါ့အပြင် ဟာလန်းဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ (၃၆)ဂိုး သွင်းပြီး ပရီးမီးယားလိဂ် ဂန္ထဝင် တိုက်စစ်မှူးတွေဖြစ်တဲ့ အလန်ရှီးယား၊ အန်ဒီကိုးလ်တို့ရဲ့ တစ်ရာသီအတွင်း သွင်းဂိုးအများဆုံးစံချိန်ကို ကျော်ဖြတ်ပြီးတော့ စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

ဟာလန်းအနေနဲ့ ပရီးမီးယားလိဂ်ပွဲဦးထွက်ရာသီမှာပဲ သွင်းဂိုး စံချိန်မှတ်တမ်းကောင်းတွေ အများကြီး ပိုင်ဆိုင်ခဲ့ပေမယ့် သတင်းမီဒီယာတချို့ကတော့ ဟာလန်းရဲ့ စွမ်းဆောင်ရည်အပေါ် သံသယရှိနေဆဲပါပဲ။

အခုတစ်ပတ်အစောပိုင်းမှာ ဂျာနယ်လစ်တစ်ဦးက “ခင်ဗျားရဲ့ နည်းပြဘဝသမိုင်းကြောင်းအရ ကစားသမားတွေဟာ ခင်ဗျားရဲ့နည်းစနစ်တွေနဲ့ အသားကျဖို့ အချိန် အတော်ယူရတယ်ဆိုတာ သက်သေပြသနေပါတယ်။

ဟာလန်းဟာ ပွဲဦးထွက်ရာသီမှာ အကောင်းဆုံးခြေစွမ်းပြခဲ့ပေမယ့် သူက (၁၀၀%)ပြည့် မဟုတ်သေးဘူးလို့ ကျွန်တော် သုံးသပ်မိပါတယ်။ ခင်ဗျားရဲ့ စနစ်ထဲမှာ ပြီးပြည့်စုံတဲ့တိုက်စစ်မှူးတစ်ယောက်ဖြစ်ဖို့ သတ်မှတ် ထားတဲ့ အချက်တွေနဲ့ ဟာလန်း ဘယ်လောက်အထိ ကိုက်ညီမှုရှိလည်းဆိုတာ ဖြေပေးပါ”လို့ မေးခွန်းထုတ်ခဲ့ပါတယ်။

အဲဒီမေးခွန်းကို ဂွါဒီယိုလာက “ဟာလန်းဟာ နောက်ထပ် ဘာတွေများ ထပ်လုပ်ပြရဦးမှာလဲ . . . မန်စီးတီးအသင်းမှာ အခုထက် ပိုကောင်းတဲ့တိုက်စစ်မှူးဖြစ်လာဖို့ ဘာတွေထပ်ပြီး ပြင်ဆင်ဖို့ လိုဦးမှာလဲ။

ကျွန်တော်ကတော့ ဟာလန်းဟာ မန်စီးတီးအသင်းမှာ အကောင်းဆုံးအံဝင်အောင် ကစားနိုင်တယ်လို့ ပြောချင်ပါတယ်။ F*** ပဲ. . .ဟာလန်းဟာ မန်စီးတီးအသင်းမှာ အချိန်တိုအတွင်း အသားကျခဲ့သလို သူက တကယ်ကောင်းတဲ့ တိုက်စစ်မှူးပါ။ ဒီမေးခွန်းက မေးစရာတောင် မလိုပါဘူး”လို့ ဖြေကြားခဲ့ပါတယ်။