အိုလီဆေး မဟန်တော့လို့ တိုက်စစ် ပစ်မှတ်သစ် ရှာဖွေ ချိတ်ဆက်ထားတဲ့ မန်ချက်စတာ စီးတီးအသင်း

ခရစ္စတယ်လ်ပဲလေ့စ်အသင်းရဲ့ ကွင်းလယ်တိုက်စစ်ပိုင်းမှာ နေရာစုံ ကစားနိုင်တဲ့ ပြင်သစ်သား မိုက်ကယ် အိုလီဆေး ကို မန်စီးတီးက ချယ်ဆီးနဲ့ အပြိုင် ချိန်ရွယ်နေပေမယ့် အစီအစဉ်ကတော့ ပျက်ပြယ်ဖို့ များသွားပါပြီ။

အိုလီဆေးကတော့ ယူ-၂၁ သွားကစားပြီး တံကောက်ကြော ဒဏ်ရာ ရသွားခဲ့ကာ ထို ဒဏ်ရာ က အမြန် ပြန်ကောင်းလာဖို့ မရှိတာကြောင့် မန်ချက်စတာစီးတီးတို့ စွန့်စား ခေါ်ယူဖွယ် မရှိတော့ပါဘူး။

အိုလီဆေးကို မေ့လိုက်ပြီးနောက် မန်စီးတီးဟာ ပစ်မှတ်သစ် အဖြစ် ယယ်ရမီ ဒိုကူးကို ပြောင်းလဲကမ်းလှမ်း သွားနိုင်တယ်လို့ သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဖော်ပြလာပါတယ်။

အိုလီဆေး ဒဏ်ရာက ခုထက်ထိ သက်သာခြင်း မရှိသေးဘဲ ရာသီအစကို လွဲချော်မှာဖြစ်သလို အောက်တိုဘာလောက်မှ ကောင်းကောင်းပြန်ကစားနိုင်မယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပြီး မန်စီးတီးတို့အနေနဲ့ ဘာမှန်းမသိဘဲ ဒီအချိန်အထိတော့ စောင့်ဆိုင်းဖို့ကတော့ သိပ်မဖြစ်နိုင်ဘဲ ဒိုကူးကိုပဲ ပြောင်းလဲခေါ်ယူသွားဖို့ ဖြစ်လာနိုင်တာပါ။

အသက် ၂၁ နှစ်အရွယ် ဒိုကူးအနေနဲ့ ရင်းနေးအသင်းနဲ့ ဘယ်လ်ဂျီယမ်မှာ မြန်နှုန်းမြင့်ကစားပုံနဲ့အတူ ပရီးမီးယားလိဂ်နဲ့ ကိုက်ညီနိုင်သူတစ်ဦးဖြစ်ကြောင်းလည်း ပြသထားတာကြောင့် မန်စီးတီးနည်းပြ ဂွါဒီယိုလာနဲ့ နည်းစနစ်အဖွဲ့ရဲ့ သဘောကျမှုကိုလည်း ရရှိထားပါတယ်။

ဒိုကူးကို မန်စီးတီး အလိုရှိရင် ယူရိုသန်း ၄၀ (ပေါင် ၃၄ သန်း) ဝန်းကျင်မှာ ခေါ်ယူ ရရှိနိုင်ကြောင်းလည်း သိရှိရပါတယ်။

မန်စီးတီးဟာ အသင်းက ထွက်ခွာသွားတဲ့ ရီယက် မာရက်ဇ်နေရာ အစားထိုးဖို့ ကစားသမားသစ် တောက်လျောက် ကြိုးစား ရှာဖွေနေပါတယ်။