ဘောလုံးရာသီသစ် မစခင် မန်စီးတီး အတွက် သတင်းကောင်း ပါးလာတဲ့ နည်းပြ ပက် ဂွာဒီယိုလာ
ဘောလုံးရာသီသစ် စတင်ဖို့ ပြင်ဆင်နေချိန်မှာပဲ ပက် ဂွါဒီယိုလာက ၂၀၂၅ ခုနှစ်နောက်ပိုင်းမှာလည်း မန်စီးတီးနဲ့ ချုပ်ဆိုထားတဲ့ သူ့ရဲ့စာချုပ်ကို သက်တမ်းတိုးသွားဖွယ် ရှိတယ်လို့ အရိပ်အမြွက် ထုတ်ပြော လိုက်ပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီမှာ သမိုင်းဝင်ဖလားသုံးလုံးအောင်မြင်မှု ဆွတ်ခူးနိုင်ခဲ့တဲ့ မန်ချက်စတာ အခြေစိုက် ကလပ်ဟာ လာမယ့်ဘောလုံးရာသီသစ်မှာ မည်သည့်အင်္ဂလန်ကလပ်အသင်းမှ မစွမ်းဆောင်နိုင်သေးတဲ့ လေးရာသီဆက် ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို ကြိုးစားနိုင်ဖို့ အခွင့်အရေးရှိနေပါတယ်။
ဒါပေမယ့် ချန်ပီယံလိဂ်ဆုဖလားကြီးကို ဆွတ်ခူးနိုင်မှုက မန်စီးတီးအသင်းပိုင်ရှင်၊ ဘုတ်အဖွဲ့တို့ရဲ့ အန္တိမ ရည်မှန်းချက်ကို ပြည့်မြောက်စေခဲ့ပြီဖြစ်လို့ ပက်ဂွါဒီယိုလာဟာ မန်စီးတီး အသင်းမှ ထွက်ခွာဖွယ် ရှိတယ် ဆိုတဲ့ သုံးသပ်မှုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။
ဒါပေမယ့် လက်ရှိအချိန်မှာ စပိန်သားနည်းပြက လက်ရှိအလုပ်မှာပဲ ကာလရှည်တာဝန်ထမ်းဆောင်ဖို့ ဆန္ဒ ရှိနေပုံရပါတယ်။
ပက်ဂွါဒီယိုလာက “ကျွန်တော် နှစ်နှစ်သက်တမ်းတိုးစာချုပ်ကို ပြီးခဲ့တဲ့နိုဝင်ဘာလမှာ လက်မှတ်ရေးထိုး ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် သက်သောင့်သက်သာရှိနေပြီး ဆုဖလားတွေ အနိုင် ရသည်ဖြစ်စေ၊ အနိုင်မရသည်ဖြစ်စေ ဘယ်အရာမှ အပြောင်းအလဲမရှိလို့ ဖြစ်ပါတယ်။
ကွန်တော်ပျော်ရွှင်နေသလို ပရိသတ်တွေလည်း ပျော်ရွှင်နေပါတယ်။ အထူးသဖြင့် အသင်းဘုတ်အဖွဲ့နဲ့ အသင်းအကြီးအကဲတွေပေါ့။ ဘာကြောင့်လဲဆိုတော့ နောက်ဆုံးမှာ သူတို့ကပဲ ဒီအသင်းမှာ ဘယ်သူ နည်းပြ ဖြစ်မလဲဆိုတာကို ဆုံးဖြတ်ပေးရလို့ပါ။
သူတို့ကျေနပ်အားရနေမယ်ဆိုရင် ကျွန်တောလည်း ကျေနပ်အားရမိပါတယ်။ ကျွန်တော်တို့ အသင်း အနိုင် ရခဲ့တဲ့ချန်ပီယံဆုတွေကို ကာကွယ်ချင်ပါသေးတယ်။ အခုရာသီကုန်ဆိုရင်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ကျွန်တော် ပင်ပန်းနွမ်းနယ်နေမယ်ဆိုရင် ကလပ်အသင်းအကြီးအကဲတွေနဲ့ စကားပြောသွားပါမယ်၊ ဒါမှမဟုတ် အခုထက်ပိုပြီး စာချုပ်ကိုသက်တမ်းတိုးကောင်းတိုးသွားနိုင်မယ်” လို့ပြောပါတယ်။
တဖက်မှာလည်း ပက်ဂွါဒီယိုလာက ပြိုင်ပွဲတွေ များပြားလာသလို ပွဲစဉ် တစ်ခုရဲ့ ကြာမြင့်ချိန် တိုးမြှင့်လာတာနဲ့ အမျှ သူနဲ့ သူ့ရဲ့ကစားသမားတွေ ထိခိုက်မှုရှိလာမှာကို စိုးရိမ်နေပါတယ်။