ဂိုး မသွင်းမချင်း အချိန်ပို ပေးမယ်ဆို နောက်ရက်လောက်ထိ ပေးချင် ပေးကြပေါ့ လို့ ရွဲ့လိုက်တဲ့ ပက် ဂွာဒီယိုလာ

မနေ့ညက ကွန်မြူနတီဒိုင်း ပွဲမှာ အချိန်ပိုတွေ အကြာကြီး ပေးခဲ့တဲ့ အပေါ် စီးတီး နည်းပြ ပက် ဂွာဒီယိုလာက လှောင်ပြောင်ခဲ့ပြီး ဒီလိုတာဆိုရင် ပွဲတွေ အပြီးသတ်ဖို့ တစ်ရက်နဲ့ မပြီးဘဲ နောက်ရက် ကိုတောင် ကူးသွားဦးမယ်လို့ ဟားတိုက်ခဲ့ပါတယ်။

ဒုတိယပိုင်း ၇၇ မိနစ်မှာ ကိုးပါးမား သွင်းယူခဲ့တဲ့ ဂိုးကို ထရော့ဆက်က မိနစ် ၉၀ ပြည့်လို့ အချိန်ပို ၁၀ မိနစ် ဝန်းကျင်မှာ ခြေပဂိုး သွင်းယူခဲ့တာပါ။ ဒါကြောင့် ပင်နယ်တီ အဆုံးအဖြတ်ထိ ခရီးဆက်ခဲ့ရတာ ဖြစ်ပါတယ်။

ဝင်ဘာလေက ပွဲအပြီးမှာ ဂွာဒီယိုလာကတော့ နည်းပြတွေ ကစားသမားတွေနဲ့ တိုင်ပင်ခြင်း မရှိဘဲ ပွဲချိန်တွေ ပိုတိုးခြင်း လုပ်ဆောင်တဲ့ ပွဲတာဝန်ရှိသူတွေကို ဝေဖန်ခဲ့ပါတယ်။

ဂွာဒီယိုလာက ‘ ကျနော်တို့ ဒါကို အသားကျနေဖို့ လိုပါတယ်။ ကျနော်တို့ ၁-၀ နဲ့ အနိုင်ရနေတယ်။ ၈ မိနစ်လောက် အချိန်ပို ပေးရလောက်တဲ့ ကိစ္စ မဖြစ်ခဲ့ဘူး ထင်တာပါပဲ။

စည်းမျဉ်းရေးဆွဲသူတွေလို လူတွေက မန်နေဂျာတွေနဲ့ တိုင်ပင်တာ မရှိဘူး၊ ကစားသမားတွေနဲ့ ဘယ်တော့မှ မတိုင်ပင်ပါဘူး။ သူတို့ ဆုံးဖြတ်တာကို ကျနော်တို့ လက်ခံရမှာပဲ။ အခုတော့ ပွဲတွေက မိနစ် ၁၀၀ ကစားရတော့မယ် ဆိုတာ သေချာတယ်။ သူတို့က ဂိုးတွေအတွက် အချိန်ပိုကို တိုးလာခဲ့တာပါ။

၄-၃ လို အနေအထားမှာ နောက်ဂိုးသွင်းဖို့ သူတို့ အချိန်ပို ထပ်ပေးကြဦးမယ်။ အချိန်တိုင်း ဂိုးသွင်းနေအောင်ပေါ့။ နောက်ရက်လောက်ထိတောင် ကျနော်တို့ ဆက်ကစားရင် ဆက်ကစားနေရမှာပါ။ ကျနော်ရဲ့ အမြင်ကိုတော့ လာ မမေးကြပါနဲ့တော့ ’ လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်လိဂ်ဟာ ကာတာ ကမ္ဘာ့ဖလား စတိုင် အချိန်ပိုပေးခြင်းကို ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။ ဒီအပတ် ချန်ပီယံရှစ် အဖွင့်သီတင်းပတ်မှာလည်း တစ်ပွဲကို ပျှမ်းမျှ ၁၆ မိနစ် ၃၄ စက္ကန့် အချိန်ပို ပေးလာခဲ့ပါတယ်။