ကွန်မြူနတီဒိုင်း ရသွားတဲ့ အာဆင်နယ်အသင်းအား ပါးပါးလေး ပုတ်လိုက်တဲ့ ဟာလန်းရဲ့ဖခင်

မန်စီးတီး တိုက်စစ်မှူး အာလင်းဟာလန်းရဲ့ဖခင် အယ်လ်ဖီ ဟာလန်းက ကွန်မြူနတီဒိုင်းကို ဆွတ်ခူးခဲ့တဲ့ အာဆင်နယ်အသင်းကို တွစ်တာမှာ လှောင်ပြောင်ပြောဆိုမှုများပြုလုပ်ခဲ့ပြီး မန်စီးတီးအသင်းကို ယခုရောက်ရှိနေတဲ့အဆင့်မှာပဲ ကျေနပ်မနေကြဖို့လည်း သတိပေးပြောဆိုခဲ့ပါတယ်။

အာဆင်နယ်ကို ပွဲကစားချိန်အတွင်း ၁-၁ နဲ့သရေ ရလဒ်ထွက်ပေါ်ပြီးနောက် ပင်နယ်တီအဆုံးအဖြတ် ၄-၁ နဲ့ရှူံးနိမ့်ခဲ့တဲ့ အဆိုပါပွဲစဉ်မှာ အယ်လ်ဖီရဲ့သားဖြစ်သူ မန်စီးတီးကြယ်ပွင့်တိုက်စစ်မှူး ဟာလန်းဟာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းရှိဘဲ ၆၄ မိနစ်မှာပဲ လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။

သို့သော်လည်း ပြီးခဲ့တဲ့ရာသီက ဟာလန်းဟာ ဝေဖန်မှုများနဲ့ လှောင်ပြောင်မှုများကို ကျော်ဖြတ်ကာ ၅၂ ဂိုး အထိ သွင်းယူထားနိုင်ခဲ့တာကြောင့် ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိသော်လည်း ပရိသတ်တွေရဲ့ ဝေဖန်ပြောဆိုမှုကို ခံရဖွယ် မရှိဘူးလို့ ယူဆနေကြပါတယ်။

ဟာလန်းရဲ့ဖခင်က တွစ်တာမှာ “တော်ပါတယ် အာဆင်နယ်၊ ဂုဏ်ယူစရာအောင်ပွဲပါပဲ၊ မင်းတို့က အခု ဒီလိဂ်ရဲ့ လူကြိုက်အများဆုံးအသင်းဖြစ်သွားပါပြီ” လို့ မျက်စိတစ်ဖက် မှိတ်နေတဲ့ အီမိုဂျီနဲ့ ရေးသား ဝေမျှခဲ့တာ ဖြစ်ပါတယ်။

ဟာလန်းဟာ ပြီးခဲ့တဲ့ရာသီက ဝက်စ်ဟမ်းအသင်းကို အဝေးကွင်းမှာသွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ ၎င်းရဲ့ ပရီးမီးယား လိဂ် ပွဲဦးထွက်မှာပဲ ၂ ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် မန်စီးတီးနဲ့ ဂွါဒီယိုလာရဲ့ သမိုင်းဝင်ဖလား ၃ လုံး အောင်မြင်မှုအတွက် နောက်ထပ် ဂိုး ၅၀ ဆက်လက်သွင်းယူပေးခဲ့ပါတယ်။

အာဆင်နယ်ဟာ ယခုနွေရာသီမှာ ငွေကြေးအမြောက်အများသုံးစွဲကာ ကစားသမားသစ်တွေ ခေါ်ယူထားခဲ့ အပြီးမှာတော့ မန်စီးတီးကို အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ယမန်နှစ်က အာဆင်နယ်ဟာ ကာလရှည်ကြာစောင့်ဆိုင်းနေရတဲ့ ပရီးမီးယားလိဂ်ဆုဖလားကိုရရှိဖို့ အလွန်နီးစပ်ခဲ့ပေမယ့် မန်စီးတီးကိုကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိတာကြောင့် ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

လာမယ့်ရာသီ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်များအဖြစ် စနေနေ့မှာ အာဆင်နယ်အသင်းက နော်တင်ဟမ် ဖောရက်စ်နဲ့ စတင်ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး သောကြောနေ့မှာတော့ မန်စီးတီးအသင်းက တန်းတက်အသင်း ဘန်လေနဲ့ စတင် ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။