အာဆင်နယ် က ပြိုင်ဘက် ဖြစ်လာမှာ ထူးပြီး စိုးရိမ်နေမှာ မဟုတ်ဘူး ဆိုတဲ့ ကီဗင် ဒီဘရိုင်း

မန်ချက်စတာစီးတီး ကွင်းလယ် ကြယ်ပွင့် ကီဗင် ဒီဘရိုင်း က ကွန်မြူနတီဒိုင်းလုပွဲမှာ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့ပေမယ့် လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ ဂန်းနားတွေနဲ့ပတ်သက်ပြီး စိုးရိမ်စိတ်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်က တနင်္ဂနွေနေ့ ဝင်ဘလေမှာ မန်ချက်စတာစီးတီးကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ကွန်မြူနတီဒိုင်းကို ရရှိသွားခဲ့တာဖြစ်ပြီး ဂွါဒီယိုလာရဲ့အသင်းဟာ ဗင်းဆင့် ကွန်ပနီရဲ့ ဘန်လေ အသင်းနဲ့ ရာသီအဖွင့်ပွဲစဉ်ကို ကစားသွားရမှာ ဖြစ်ပါတယ်။

ဒီဘရိုင်း က ပြီးခဲ့တဲ့ရာသီမှာ အဓိက ပြိုင်ဘက် ဖြစ်ခဲ့တဲ့ မြောက်လန်ဒန် ကလပ် အာဆင်နယ် အသင်းနဲ့ပတ်သက်ပြီး ထူးခြား စိတ်ပူမနေဘဲ လာမယ့် ၂၀၂၃-၂၀၂၄ ရာသီမှာ အသင်း များစွာက ပြိုင်ဘက် ဖြစ်လာလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

လာမယ့်ရာသီမတိုင်ခင် အာဆင်နယ်အသင်းကို မန်ချက်စတာစီးတီးရဲ့ အဓိကပြိုင်ဘက်အဖြစ် ရှုမြင်ထားလား လို့ မေးမြန်းခဲ့ရာမှာ ဒီဘရိုင်း က –

“ ပြိုင်ဘက် ဖြစ်လာနိုင်တာက ၈ သင်း၊ ၉ သင်းလောက် ရှိတာပေါ့။ အဲဒီတော့ ကျွန်တော် သူတို့နဲ့ပတ်သက်ပြီး ထူး မစိုးရိမ်ပါဘူး”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ဂန်းနားတွေဟာ ပြီးခဲ့တဲ့ရာသီမှာ ဂွါဒီယိုလာရဲ့အသင်းကို တစ်ရာသီလုံး စိန်ခေါ်ခဲ့တာဖြစ်ပြီး ယခု လာမယ့်ရာသီမှာလည်း မန်ချက်စတာစီးတီးအတွက် အဓိကပြိုင်ဘက်အဖြစ် ယူဆခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

အာတီတာက လာမယ့်ရာသီသစ်မတိုင်ခင် လူစာရင်းကို အင်အားဖြည့်တင်းထားတာဖြစ်ပြီး ဒီကလန် ရိုက်၊ ခိုင် ဟာဗတ်ဇ်နဲ့ ယူရီယန် တင်းဘားတို့ကို ခေါ်ယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။