ဒီည ဘန်လေ – မန်စီးတီး တို့ ပရီးမီးယားလိဂ် အဖွင့် ပွဲ အတွက် ခရစ်ဆက်တန် ကြိုတင် သုံးသပ် ခန့်မှန်းလာပါပြီ

၂၀၂၃-၂၄ ဘောလုံးရာသီသစ် ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် အဖြစ် ဘန်လေနဲ့ မန်ချက်စတာ စီးတီး အသင်းတို့ဟာ ဒီနေ့ည/ စနေနေ့ နံနက် ၁ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင် ကစားရတော့မှာ ဖြစ်ပါတယ်။

ဘီဘီစီမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန်ကတော့ ဘန်လေ – မန်စီးတီး ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။

” တနင်္ဂနွေနေ့က ကွန်မြူနတီဒိုင်းပွဲမှာ စီးတီးရဲ့ ခြေစွမ်းက မလုံလောက်ခဲ့ပါဘူး။ ဒါပေမယ့် သူတို့က ဘောလုံးရာသီကို ခပ်နှေးနှေး စတင်ပြီး အကောင်းဆုံး ပုံစံဖြင့် အဆုံးသတ်တာက ဖြစ်နေပါပဲ။ သူတို့က ချန်ပီယံဖြစ်နေဆဲဖြစ်ပြီး လူစာရင်းမှာ အရည်အချင်းတွေ အများကြီး ရှိထားပါတယ်။

ကျနော် ဘန်လေကို သဘောကျပါတယ်။ သူတို့နည်းပြ ကွန်ပနီ လုပ်နေတာတွေကိုလည်း နှစ်သက်မိတယ်။ မနှစ်ကရာသီ ချန်ပီယံရှစ်မှာ သူတို့ ကစားခဲ့တဲ့ ပုံစံကိုလည်း ကျနော် သဘောကျပါတယ်။

ဒါပေမယ့်လို့ အင်္ဂလန်အဆင့်မြင့်တန်းမှာ ကစားပုံကောင်းကောင်း ကစားပြီး ဆက်ရှိနေဖို့ဆိုရင် သူတို့ အများကြီး ပိုခက်ခဲမှာပါ။

ဒီပွဲဟာ မနှစ်ကရာသီ အက်ဖ်အေဖလားမှာ ထိပ်တိုက်တွေ့ခဲ့ကြတာထက် ပိုပြီးတော့ အကြိတ်အနယ် ရှိမှာပါ။ အဲ့တုန်းကတော့ မန်စီးတီးက ၆-၀ နဲ့ အနိုင်ရပြီး ဟာလန်းက ဟက်ထရစ် သွင်းခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအတွက် ဟာလန်း ဂိုးမသွင်းနိုင်တာဟာ ၆ ပွဲဆက်တိုက် ရှိလာခဲ့ပါပြီ။ ဒါပေမယ့် ဒီပွဲမှာတော့ သူဂိုး ပြန်ရမယ်လို့ ထင်ပါတယ်။ မန်စီးတီးက အပြည့်အဝ အရှိန်မရလာသေးပေမယ့်လို့ ဒီပွဲကို အနိုင်ရမှာပါ။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန် ရဲ့ ခန့်မှန်း ရလဒ်ကတော့ ဘန်လေ ဝ-၂ မန်ချက်စတာ စီးတီး ဖြစ်ပါတယ်။