ပရီးမီးယားလိဂ် ဦးဆုံးကန်၊ ဘန်လေကို ဂိုးပြတ် နိုင်ပြီး ဇယားထိပ် ဦးဆုံးတက်ပြလိုက်တဲ့ ချန်ပီယံ မန်စီးတီး

မန်ချက်စတာစီးတီးအသင်း ကတော့ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ဘန်လေကို ၃-ဝ နဲ့ အဝေးကွင်း ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

စီးတီးက ဒီပွဲမှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ အာကန်ဂျီ၊ အာကေ၊ ဝေါ်လ်ကာနဲ့ ရီကို လူးဝစ္စတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ဒီဘရိုင်းနား၊ ဘာနာဒို ဆေးလ်ဗားနဲ့ ဖိုဒန်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဟားလန်းနဲ့ အယ်လ်ဗာရက်ဇ်တို့ကို တွဲဖက်ကစားစေခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဘန်လေတို့ကတော့ ဂိုးသမား ထရက်ဖို့ဒ်၊ ခံစစ်မှာ ဒါခီးလ်၊ အိုရှေး၊ ဘိုင်ယာ၊ ရောဘတ်စ်နဲ့ ဗီတင်ညိုတို့ကို ကစားစေခဲ့ပြီး ကွင်းလယ် မှာတော့ ဘာဂါ၊ ကာလန်၊ ကိုလီယိုရှိုနဲ့ ဖော့စတာတို့ကို ခင်းကျင်း လာခဲ့ပြီး တိုက်စစ်မှာတော့ အမ်ဒူနီ တစ်ဦးတည်းကို ပွဲထုတ်လာခဲ့တာပါ။

ပွဲချိန် ၄ မိနစ်မှာတော့ မန်စီးတီးတို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘော ကို အတိုပေးပြီး ညာခြမ်းကနေ ဒီဘရိုင်းနားက ဖြတ်တင်ပေးတာကို ဘယ်ဘက်ဂိုးတိုင်နားမှာ ရှိနေတဲ့ ရိုဒရီက ခေါင်းတိုက်ချအပေးမှာ ဘန်လေနောက်ခံလူတွေကြားကနေ ဟားလန်းက ပထမဆုံးထိချက်နဲ့ ဂိုးအဖြစ် ပြောင်းလဲသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၃၆ မိနစ်မှာတော့ မန်စီးတီးတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းတိုက်စစ်ကနေ ဘန်လေတို့ရဲ့ လူကျွံထောင်ချောက်ကို ဖြတ်ကျော်ပြေးသွားတဲ့ ၃၃ နှစ်သားကြီး ဝေါ်လ်ကာရဲ့ ဧရိယာထဲကို ချိုးပေးတာကို အယ်လ်ဗာရက်ဇ်က မကန်ဘဲ ချပေးရာမှာ ဟားလန်းက ဂိုးကိုတောင် လှမ်းကြည့်မနေဘဲ ကြုံးထည့်သွားတာက ဘားထိပြီး ဝင်သွားခဲ့လို့ ပထမပိုင်းမှာ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲချိန် ၇၅ မိနစ်မှာတော့ မန်စီးတီးတို့ပဲ တတိယ အနိုင်ဂိုးကို ထပ်မံသွင်းယူသွားခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဖိုဒန် ကန်တင်ပေးတဲ့ ဖရီးကစ်ကို အာကေနဲ့ ယှဉ်လုကြတဲ့ ဘန်လေခံစစ်က မရှင်းထုတ်နိုင်ဘဲ လည်ထွက်လာတဲ့ ဘောလုံးကို ရိုဒရီက အနီးကပ် ကန်သွင်းယူပြီး အဆုံးသတ်ခဲ့လို့ သုံးဂိုး-ဂိုးမရှိဖြစ်နေခဲ့ပြီး လူးဝစ်၊ အာကေနဲ့ ဟားလန်းတို့အစား လာပေါ့တ်၊ ဂွါဒီယောလ်နဲ့ ပါးလ်မားတို့ကို လူစားလဲသွားခဲ့ပါတယ်။

နာကျင်အချိန်ပိုမှာ ဝေါ်လ်ကာကို အဖျက်ကြမ်းတဲ့ အိမ်ရှင်ကစားသမား ဇာရူရီ တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရပြီး ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာစီးတီးတို့က ဘန်လေတို့ကို အဝေးကွင်းမှာ သုံးဂိုး-ဂိုးမရှိနဲ့ အမှားအယွင်းမရှိ အနိုင်ယူခဲ့ပါတယ်။

ဒါကြောင့် ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်စီးတီး အနေနဲ့ အဖွင့်ပွဲ ကစားပြီး အမှတ်ပေးဇယားထိပ်မှာ စတင်ရပ်တည်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။