ဂွာဒီယိုလာက လူရှေ့သူရှေ့မှာ ဟာလန်း အပေါ် မောက်မာစွာ ဆက်ဆံတယ် ဆိုပြီး ဂယ်ရီနဗီးလ် ပြစ်တင် ဝေဖန်

ဘန်လေနဲ့ ပွဲမှာ ပက် ဂွာဒီယိုလာက စီးတီး တိုက်စစ်မှုး ဟာလန်း အပေါ် ခပ်မာမာ ဆက်ဆံပုံ မှတ်တမ်းတွေ ထွက်ပေါ်လာပြီးနောက် သရဲနီဟောင်းကြီး ဂယ်ရီနဗီးလ်က ဝေဖန်မှုတွေ ပြုလုပ်သွားပါတယ်။
ကမ္ဘာ့ဘောလုံးသမိုင်းမှာ ဒေါသအကြီးဆုံးလို့တံဆိပ်အကပ်ခံရတဲ့ နည်းပြကြီး ဖာဂူဆန်တောင် ကွင်းထဲမှာ ဂွါဒီယိုလာလိုတော့ လုပ်မှာ မဟုတ်ဘူးလို့ နဗီးလ်က ဆိုခဲ့တာပါ။
မနေ့ညက ဘန်လေကို ၃-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ရဲ့ ပထမပိုင်းမှာဆိုရင် မန်စီးတီး တိုက်စစ်မှူး ဟာလန်းဟာ ၂ ဂိုးအထိ သွင်းပြနိုင်ခဲ့သလို ပုံစံကောင်းကိုလည်း ပြနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ နော်ဝေသားဟာ တိုက်စစ်ပိုင်းမှာ လိုအပ်ချက်တွေ ရှိနေဆဲဖြစ်တယ်ဆိုတဲ့ ယူဆချက်မျိုးကြောင့် ဂွါဒီယိုလာက အပြစ်တင် ခဲ့တာပါ။
အဲဒီပွဲရဲ့ ပထမပိုင်းအပြီး ဥမင်လိုဏ်ခေါင်းထဲဆီ ပြန်သွားတဲ့ နေရာမှာတော့ မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ တိုက်စစ်မှူး ဟာလန်းကို လေသံမာမာနဲ့ ခပ်ကြမ်းကြမ်း ပြောဆိုမှုတွေ လုပ်ခဲ့ပြီး ရင့်သီးတဲ့ အမူအရာမျိုးတွေကိုလည်း တွေ့ခဲ့ရပါတယ်။
ဒါ့အပြင် သူတို့ နှစ်ယောက်ရဲ့ အခြေအတင် ဖြစ်နေ မှုကို အမိအရ မှတ်တမ်းယူနေတဲ့ ကင်မရာတစ်လုံးကိုလည်း ဂွါဒီယိုလာက လက်နဲ့ ဖြတ်ရိုက်ပစ်ခဲ့ပါတယ်။
ဒါဟာ လူမြင်ကွင်းမှာ မသင့်တော်တဲ့ လုပ်ရပ်မျိုးဖြစ်နေပြီး ဘောလုံးသမိုင်းထဲမှာ ဒေါသအကြီးဆုံး ဖြစ်ခဲ့တဲ့ ဖာဂီကြီးတောင် ကွင်းထဲမှာတော့ ဂွါဒီယိုလာလို လုပ်မှာမဟုတ်ဘူးလို့ ဂယ်ရီနဗီးလ် က ပြောခဲ့တာပါ။
” ဒီလိုမျိုး အခြေအတင်ဖြစ်နေတာကို သဘောတွေ့ကြတဲ့ လူတွေလည်း ရှိပါလိမ့်မယ်။ ဒါကြောင့်လည်း သူက ကမ္ဘာပေါ်မှာ အကောင်း ဆုံး နည်းပြ ဖြစ်နေတာလို့ ပြောကြတာမျိုးလည်း ရှိမှာပါ။
တစ်ဖက်မှာ အခုလိုမျိုး လူမြင်ကြီးမှာတော့ ဒါမျိုး လုပ်ဖို့ မသင့်ဘူးလို့ ပြောတဲ့လူတွေလည်း ရှိကောင်း ရှိမှာပါပဲ။ ကင်မရာရှေ့မှာ ဆွဲလားရမ်းလား လုပ်နေတာမျိုးတွေလေ။
ဘောလုံးသမိုင်းတစ်လျှောက် ဒေါသ အရမ်းကြီးပါတယ်ဆိုတဲ့ နည်းပြတစ်ယောက် (ဆာအဲလက်စ် ဖာဂူဆန်) ရဲ့ လက်အောက်မှာ ကျွန်တော် ဘောလုံးကစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုလိုပုံစံမျိုးကိုတော့ ကွင်းထဲမှာ သူ့အနေနဲ့ ဘယ်တုန်းကမှ မလုပ်ခဲ့ပါဘူး’’ လို့ ဂယ်ရီနဗီးလ်က ဘန်လေနဲ့ ပွဲစဉ်က ဂွါဒီယိုလာရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး ဝေဖန်ထောက်ပြသွားခဲ့တာပါ။
ဒါပေမဲ့ ဒီကိစ္စဟာ ကစားသမားနဲ့ နည်းပြကြားမှာ ပြဿနာဖြစ်တာ လုံးဝမဟုတ်ဘဲ အားနည်းချက်ကို ထောက်ပြခဲ့တာသာ ဖြစ်တယ်လို့ ဂွါဒီယိုလာက ဖြေရှင်းချက် ထုတ်ထားပါတယ်။