ဥရောပ စူပါဖလား စံချိန်တင် ရသွားတဲ့ ပက် ဂွာဒီယိုလာ၊ စံချိန်တင် အရှုံးပိုင်ရှင်က ဆီဗီလာ

မန်စီးတီးအသင်း နည်းပြ ပက် ဂွါဒီယိုလာဟာ ရာသီသစ်အစပိုင်းမှာပဲ သမိုင်းဝင်မယ့် စံချိန်တစ်ခု ပိုင်ဆိုင်နိုင်ပြီ ဖြစ်ပါတယ်။

၂၀၂၃ ဥရောပစူပါဖလားပွဲမှာ မန်စီးတီးအသင်းဟာ ဆီဗီလာကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး အသင်း သမိုင်းမှာ ပထမဆုံးအကြိမ် ဥရောပစူပါဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ပွဲချိန်(၂၅)မိနစ်မှာ ဆီဗီလာတိုက်စစ်မှူးအန်နက်စ်ရီက ခေါင်းတိုက်ပြီးတော့ အဖွင့်ဂိုး သွင်းခဲ့ပြီး (၆၃)မိနစ်မှာ မန်စီးတီးလူငယ်ကစားသမား ပါလ်မာက ရိုဒရီ ကန်တင်ပေးတာကနေ ခေါင်းတိုက်ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။

ပွဲကစားချိန်အတွင်း (၁-၁)ဂိုးစီသရေကျနေတာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပြီး မန်စီးတီးဘက်က ဟာလန်း၊ အယ်လ်ဗာရက်ဇ်၊ ကိုဗာချစ်၊ ဂရီးလစ်ရှ်၊ ဝေါ်လ်ကာတို့ ဂိုးဝင်ခဲ့ပေမယ့် ဆီဗီလာ အသင်းက ဂူဒဲလ်ရဲ့ကန်ချက် ဘားတန်းထိထွက်ခဲ့လို့ မန်စီးတီးအသင်းက (၅-၄)ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာဟာ ဥရောပစူပါဖလားကို ဘာစီလိုနာနည်းပြအဖြစ် ၂၀၀၉၊ ၂၀၁၁၊ ဘိုင်ယန်မြူးနစ်နည်းပြဘ၀ ၂၀၁၃ ခုနှစ်တွေမှာ ဆွတ်ခူးခဲ့ပြီး အခု မန်စီးတီးအသင်းနဲ့အတူ သူ့ရဲ့နည်းပြဘဝတစ်လျှောက် (၄)ကြိမ်မြောက် ဥရောပစူပါဖလားကို ပိုင်ဆိုင်ခဲ့ပါတယ်။

အဲဒါကြောင့် ဂွါဒီယိုလာဟာ ဝါရင့်နည်းပြကြီး အန်ဆယ်လော့တီနဲ့အတူ ဥရောပစူပါဖလားကို အကြိမ် အများဆုံး ရယူနိုင်သူအဖြစ် ရပ်တည်နိုင်ပြီဖြစ်ပါတယ်။

အန်ဆယ်လော့တီဟာ ဥရောပ စူပါဖလားကို အေစီမီလန်အသင်းနဲ့ (၂)ကြိမ် (၂၀၀၃၊ ၂၀၀၇)၊ ရီးရဲလ်နဲ့(၂)ကြိမ် (၂၀၁၄၊ ၂၀၂၂)ရရှိခဲ့ပြီး အခု ဂွါဒီယိုလာက အန်ဆယ်လော့တီရဲ့ အကြိမ် အရေအတွက်ကို အမီလိုက်နိုင်ခဲ့ပါပြီ။

ဒါ့အပြင် ဂွါဒီယိုလာဟာ ဥရောပစူပါဖလားကို မတူညီတဲ့ ကလပ်(၃)သင်း (ဘာစီလိုနာ၊ ဘိုင်ယန်၊ မန်စီးတီး)နဲ့ ရယူနိုင်တဲ့ ပထမဆုံး နည်းပြ အဖြစ် စံချိန်တင်ခဲ့ပါတယ်။

အခုပွဲမှာ မန်စီးတီးတို့ အနိုင်ရခဲ့တာကြောင့် (၁၀)နှစ်အတွင်း ဥရောပစူပါဖလားပွဲမှာ ချန်ပီယံလိဂ် ချန်ပီယံ အသင်းအများစုပဲ ဥရောပစူပါဖလား ဆွတ်ခူးနိုင်တဲ့ အစဉ်အလာကောင်းကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။

၂၀၁၃ ကနေ အခုနှစ်အထိ ဥရောပစူပါဖလားပွဲမှာ ယူရိုပါလိဂ် ချန်ပီယံအသင်း အနိုင်ရခဲ့တာက အက်သလက်တီကို (၂၀၁၈) တစ်သင်းသာရှိပြီး ကျန်တဲ့အကြိမ်တိုင်း ချန်ပီယံလိဂ်ချန်ပီယံ အသင်းတွေ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဆီဗီလာအသင်းဟာ ဥရောပ စူပါဖလားကို (၇)ကြိမ်အထိကစားခဲ့ပေမယ့် ၂၀၀၆ ခုနှစ်မှာသာ ဗိုလ်စွဲခဲ့ပြီး (၆)ကြိမ်အထိရှုံးခဲ့တာကြောင့် ဥရောပစူပါဖလားပွဲမှာ အကြိမ် အများဆုံး ရှုံးတဲ့ အသင်းအဖြစ် စံချိန်တင် ခဲ့ပါတယ်။