ဆူငေါက်ပြီးတော့မှ တိုက်စစ်မှုး ဟာလန်းကို ကပ်တိုးလေး ပြန်ချော့နေတဲ့ နည်းပြ ပက် ဂွါဒီယိုလာ

မန်စီးတီးအသင်းနည်းပြ ပက် ဂွါဒီယိုလာဟာ ဥရောပစူပါဖလားပွဲအပြီးမှာ သူ့တပည့်ကျော်ကြီး ဟာလန်းကို ဝမ်းသာအားရ နမ်းခဲ့တဲ့ ဓာတ်ပုံတွေ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေပါတယ်။
၂၀၂၃ ဥရောပစူပါဖလားပွဲမှာ မန်စီးတီးအသင်းဟာ ဆီဗီလာကို ပွဲချိန်အတွင်း (၁-၁)ဂိုးစီ သရေကျခဲ့ပေမယ့် ပယ်နယ်တီ အဆုံးအဖြတ် (၅-၄)ဂိုးနဲ့ အနိုင်ယူပြီး အသင်းသမိုင်းမှာ ပထမဆုံးအကြိမ် ဥရောပစူပါဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ပွဲအပြီး၊ မန်စီးတီးကစားသမားတွေ ဆုဖလားနဲ့အောင်ပွဲခံချိန်မှာ ဂွါဒီယိုလာက ဟာလန်းရဲ့ပါး ကို ပြေးနမ်းခဲ့တာ ဖြစ်ပါတယ်။
အရင်ပတ် ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲဖြစ်တဲ့ ဘန်လေကို (၃-ဝ)ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ ဟာလန်းက နောက်အထိ ဘောလုံး ဆင်းမယူတာကြောင့် ပထမပိုင်းအပြီး၊ ကွင်းထဲကနေ ဟာလန်း ထွက်လာချိန်မှာ ဂွါဒီယိုလာက ဒေါသတကြီးဆူပူ အော်ငေါက်ခဲ့တာကြောင့် ဂွါဒီယိုလာရဲ့အပြုအမူအပေါ် ဝေဖန်သံတွေ ထွက်ပေါ်ခဲ့ပါတယ်။
ဒီလို ဆူပူခံခဲ့ရပေမယ့် ဟာလန်းက ဂွါဒီယိုလာကို ဘာမှ ခွန်းတုံ့ပြန်မပြောတာကြောင့် သူတို့နှစ်ယောက်ကြားမှာ ပြဿနာကြီးကြီးမားမား ဆက်မဖြစ်တော့ဘဲ အခု ဂွါဒီယိုလာက သူ့တပည့်ကို ပြန်ချော့ချင်တဲ့ ရည်ရွယ်ချက်နဲ့ နမ်းခဲ့တာဖြစ်နိုင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဆီဗီလာနဲ့ပွဲမှာ ဟာလန်းရဲ့ခြေစွမ်းက ဘန်လေနဲ့ပွဲကထက် ပိုဆိုးရွားခဲ့ပြီး ပွဲ ကစားချိန်မိနစ်(၉၀)အတွင်း ဘာမှထိထိရောက်ရောက် မလုပ်ပြနိုင်ခဲ့ပါဘူး။
ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ဂွါဒီယိုလာက ဟာလန်းကို အပြစ်မတင်ဘဲ သူ့တပည့်နဲ့အတူ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။
ဂွါဒီယိုလာဟာ ဥရောပစူပါဖလားကို ဘာစီလိုနာနည်းပြအဖြစ် ၂၀၀၉၊ ၂၀၁၁၊ ဘိုင်ယန်မြူးနစ်နည်းပြဘ၀ ၂၀၁၃ ခုနှစ်တွေမှာ ဆွတ်ခူးခဲ့ပြီး အခု မန်စီးတီးအသင်းနဲ့အတူ သူ့ရဲ့နည်းပြဘဝတစ်လျှောက် (၄)ကြိမ်မြောက် ဥရောပစူပါဖလားကို ပိုင်ဆိုင်ခဲ့ပါတယ်။
အဲဒါကြောင့် ဂွါဒီယိုလာဟာ ဝါရင့်နည်းပြကြီး အန်ဆယ်လော့တီနဲ့အတူ ဥရောပစူပါဖလားကို အကြိမ်အများဆုံးရယူနိုင်သူအဖြစ် ရပ်တည်နိုင်ပြီဖြစ်ပါတယ်။
ဒါ့အပြင် ဂွါဒီယိုလာဟာ ဥရောပ စူပါဖလားကို မတူညီတဲ့ကလပ်(၃)သင်း (ဘာစီလိုနာ၊ ဘိုင်ယန်၊ မန်စီးတီး)နဲ့ ရယူနိုင်တဲ့ ပထမဆုံးနည်းပြအဖြစ် စံချိန်တင်ခဲ့ပါတယ်။