ပေါင် ၈၅ သန်းတန် အပြောင်းအရွှေ့ ပျက်ဖို့ ၉၀% သေချာနေလို့ စီတီးအကြီးအကဲတွေကို ပရိသတ်တွေ ဝေဖန်
မန်စီးတီးအသင်းဟာ ဝက်စ်ဟမ်း ကြယ်ပွင့် လူးကပ် ပါကွီတာကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် အပြောင်းအရွှေ့ ဖြစ်မြောက်လာဖွယ် မရှိတော့ပါဘူး။
မန်စီးတီးဟာ ဂွမ်ဒိုဂန်၊ မာရက်ဇ်တို့ကို လက်လွတ်ထားရပြီး ချယ်ဆီးမှ ကိုဗာဆစ်၊ လိုက်ဇစ်မှ ဂါဗာဒီအောတို့ကိုပဲ အားဖြည့်ထားတာပါ။ ကွင်းလယ်ပိုင်းအတွက် အဓိက အားဖြည့်မှုလုပ်ဖို့ ဒီကလန်ရိုက်စ်ကို ကြိုးစားသေးပေမယ့် အာဆင်နယ်နဲ့ စျေးပြိုင် ချိတ်ဆက်နိုင်ခြင်း မရှိခဲ့ပါဘူး။
မနှစ်က လိုင်ယွန်ကနေ ဝက်စ်ဟမ်းကို ပေါင် ၅၁ သန်းဖြင့် ပြောင်းလာတဲ့ ဘရာဇီးသားဟာ ပရီးမီးယားလိဂ်မှာ အံဝင်နေခဲ့တာဖြစ်ပါတယ်။ မန်စီးတီးဘက်က ကွင်းလယ်ကနေ သွင်းဂိုးတွေ ပိုလိုချင်တာကြောင့် ပါကွီတာကို ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
စကိုင်းစပေါ့ သတင်းထောက်တွေကတော့ အခုချိန်မှာ ပါကွီတာ မန်စီးတီးထံ ပြောင်းရေး မဖြစ်လာဖို့က ၉၀% လောက် ရှိနေပါပြီလို့ ဖော်ပြလာခဲ့တယ်။ ဒီဘရိုင်းကို ၄ လဝန်းကျင် လက်လွတ်ရမယ့် အခြေအနေမှာ ကွင်းလယ် အစားထိုးဖို့ အဆင်မပြေဖြစ်ခြင်းက မန်စီးတီးပရိသတ်တွေကို စိတ်ပျက်စေခဲ့တယ်။
ဒီနွေမှာ အာဆင်နယ်က စံချိန်တင် ခေါ်ယူမှုတွေ လုပ်နေပေမယ့်လို့ Txiki နဲ့ ကလပ်တာဝန်ရှိသူတွေဟာ ကြိုတင် ပြင်ဆင်မှု အားနည်းလှတာမို့ စီးတီး လူစာရင်းက မနှစ်ကထက် အားပျော့နေတယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်လာနေတာပဲ ဖြစ်ပါတယ်။
