ချယ်ဆီး လုပ်နေတာနဲ့ ယှဉ်ပြပြီး ပရီးမီးယားလိဂ်က မန်စီးတီးအပေါ် မမျှမတ ဆက်ဆံကြောင်း ဂွာကြီး ဝေဖန်

ဒီ ၁၂ လအတွင်း ချယ်ဆီးလုပ်နေသလို အပြောင်းအရွှေ့ ငွေသုံးမှုမျိုး မန်စီးတီး လုပ်မယ်ဆိုရင် ဝေဖန်သံတွေ ဆူညံသွားမယ်လို့ ဂွာဒီယိုလာက ထုတ်ပြောလာပါတယ်။

မန်စီးတီးဟာ ၂၀၀၈ မှာ ပိုင်ရှင်သစ် ရှိတ်မန်ဆော လက်ထဲ ရောက်ပြီးကတည်းက ဘဏ္ဍာရေး ကိစ္စတွေမှာ ပရီးမီးယားလိဂ် စည်းမျဉ်း ၁၁၅ ကြိမ်လောက် ချိုးဖောက်ကြောင်း စွဲချက်တင်ခံထားရတာပါ။ ဒါပေမယ့် သူတို့ထက် ပိုကြမ်းနေတဲ့ ချယ်ဆီးကိုကျ လူတိုင်းက မျက်ကွယ်ပြုထားတယ်လို့ မြင်ပါတယ်။

” ပြီးခဲ့တဲ့ စျေးကွက် နှစ်ခုမှာ ချယ်ဆီး သုံးသလို ကျနော် ငွေသုံးခဲ့ရင် မန်စီးတီး နည်းပြထိုင်ခုံမှာတောင် ဆက်ရှိနေမှာ မဟုတ်ဘူး။ အားလုံးက ကျနော်တို့ အသေဆော်ကြမှာ။ မီဒီယာသမားတွေက ကျနော်တို့ ဆော်ထည့်ကြမှာ သေချာတယ်။

မန်စီးတီးနဲ့ ဂွာဒီယိုလာက လူတွေ ဝယ်တာ ကြမ်းပါတယ်လို့ ပြောကြပေမယ့် ကျနော်တို့မှာ ကစားသမားတိုင်း ဝယ်ဖို့ ပိုက်ဆံ မရှိပါဘူး။ ကျနော်တို့ ဘယ်သူ့ကို ခေါ်နိုင်မလဲ ဘယ်လို မျှမျှတတ ပေးမလဲ အမြဲ စိစစ်ခဲ့ရတာ။

မက်ဂွဲရားကို ခေါ်ချင်ပေမယ့် သူ့ရဲ့ ပြောင်းရွှေ့ကြေး ပေးဖို့ မတတ်နိုင်ခဲ့ဘူး။ ကူကူရယ်လာအတွက် မပေးနိုင်ခဲ့ဘူး။ ဆန်းချက်စ်တုန်းကလည်း မပေးနိုင်ခဲ့ဘူး။ ကျနော်တို့က ကိုယ်ပေးနိုင်တဲ့ အတိုင်းအတာနဲ့ပဲ လူခေါ်ယူခဲ့တာပါ။ အကယ်ဒမီကိုနေလည်း သုံးရသေးတာပေါ့ ” လို့ ဂွာဒီယိုလာက ဆိုပါတယ်။

ဂွာဒီယိုလာက သူချယ်ဆီးကို ဝေဖန်နေတာ မဟုတ်ဘဲ လူတွေရဲ့ လိုသမျိုး မလိုသမျိုး double standards ပုံစံတွေကို ထောက်ပြတာလို့ ဆိုပါတယ်။

စီးတီးနည်းပြကပဲ ” ချယ်ဆီးကတော့ သူတို့ လုပ်ချင်သလို လုပ်နေတယ်။ ကျနော် ချယ်ဆီးကို ဝေဖန်နေတာ မဟုတ်ဘူး။ ကျနော် ပြောနေတာ သူတို့လို ကျနော်တို့ လုပ်ကြည့် တကမ္ဘာလုံး ဝိုင်းထိုးနှက်ကြမှာ။ သူတို့ကျတော့ လုပ်ချင်သလို လုပ်ခွင့်ရနေတယ်။

ဘိုလေ ရောက်လာပြီးနောက် သူတို့ သန်း ၉၀၀ လား အဲ့ထက်ပိုများတဲ့ ပမာဏလား သုံးနေတာပဲ။ ရောင်းစရာရှိတာ ရောင်းနေတာပဲ။ လူတိုင်းက ကိုယ်အလုပ်ကိုယ် လုပ်ပြီး ကိုယ့်အသင်း ကောင်းဖို့တော့ လုပ်နေကြတာပါ။ ချယ်ဆီးက မိနစ်တိုင်းမှာ လူသစ်ရနေတယ်။ အဲ့တာက ရယ်စရာပါပဲ ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။