ဒီည နယူးကာဆယ်နဲ့ ပွဲမတိုင်ခင် ဂွါဒီယိုလာက မန်စီးတီး ပရိသတ်တွေအား တောင်းဆိုမှု ပြုလုပ်

မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာ က ၂၀၂၃-၂၄ ပရီးမီးယားလိဂ်ရာသီ ပထမဆုံးအိမ်ကွင်းပွဲစဉ်အဖြစ် ယနေ့ညတွင် အီတီဟတ်ကွင်းမှာ နယူးကာဆယ်ကို ဧည့်ခံကစားရမဲ့ပွဲစဉ်အား ကွင်းလုံးပြည့် ပရိသတ်လာရောက်ကြည့်ရှု အားပေးကြရန် ပရိသတ်များကို တောင်းဆိုလာပါတယ်။
မန်စီးတီးဟာ ကြားရက်တုန်းက ဆီဗီလာကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ဥရောပစူပါဖလား ဆွတ်ခူးပြီး နောက် ယနေ့ညတွင် နယူးကာဆယ်ကို ဧည့်ခံကစားရပါမယ်။
မန်စီးတီးဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲတုန်းက ဘန်လေကို အဝေးကွင်းတွင် ဂိုးပြတ်အနိုင်ယူခဲ့သလို အက်ဒီဟောင်းရဲ့ နယူးကာဆယ် ကလည်း အက်စတွန်ဗီလာကို ဂိုးပြတ် အနိုင်ယူခဲ့ပါတယ်။
နည်းပြ ဂွါဒီယိုလာက ယနေ့ နယူးကာဆယ်နှင့်ကစားရမဲ့ပွဲများတွင် ပရိသတ်အားပေးမှုကလည်း အလွန်အရေးပါနေကြောင်း ဆိုလာပြီး အီတီဟတ်ကွင်းပြည့် လာအားပေးကြရန် ပြောဆိုလာပါတယ်။
ဂွါဒီယိုလာက ” အသင်းက ကိုယ့်လူတွေ (မန်စီးတီးပရိသတ်တွေ)ကို လိုတယ်။ အရင်တုန်းကထက် ပို လိုတယ်။ ကွင်းလုံးပြည့်နေဖို့ မျှော်လင့်တယ်။ ကျွန်တော်တို့နဲ့အတူ ရှိနေပေးပါလို့ တောင်းဆိုချင်တယ်။
ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အကောင်းဆုံးပုံစံ မရသေးလို့ပါ။ အထူးသဖြင့် ကျွန်တော်တို့ ဆိုးရွားတဲ့ အခိုက်အတန့်ကို ရောက်နေတယ်။ ဒီတော့ ပရိသတ်တွေရဲ့ ဆူညံမှု၊ အားပေးမှု အရမ်း လိုနေတယ်။ ကျွန်တော်တို့နဲ့အတူ ရှိနေပေးကြပါ”လို့ ဆိုသွားပါတယ်။
နယူးကာဆယ်ဟာ အက်ဒီဟောင်းရဲ့ လက်ထက်တွင် အကောင်းဆုံးပုံစံ ရရှိနေပြီး ထိပ်ဆုံး ၄ သင်း စာရင်းဝင်ကာ ချန်ပီယံလိဂ်ဝင်ခွင့် ရထားပါတယ်။