၄ ရက် အတွင်း ၂ပွဲဆက် ကစား နိုင်ပွဲယူတဲ့ စီးတီး အသင်းသားတွေအား လေးစားကြောင်း ချီးကျူးခဲ့တဲ့ ဂွာဒီယိုလာ

မန်ချက်စတာ စီးတ နည်းပြ ပပ် ဂွာဒီယိုလာက ၄ရက်တာ ကာလအတွင်းမှာ ဆီဗီးလား ၊ နယူးကာဆယ် တို့လို ကစားရခက်တဲ့ ပြိုင်ဘက်တွေကို အနိုင်ကစားပေးခဲ့တဲ့ ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းကို လေးစားမိကြောင်း မန်ချက်စတာ စီးတီး ၁-၀ နယူးကာဆယ် ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ၊ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားတို့ရဲ့ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးက ဩဂုတ်လ ၁၇ရက်နေ့မှာ ယူရိုပါလိဂ် ချန်ပီယံ ဆီဗီးလားနဲ့ ဥရောပ စူပါဖလားပွဲ ကန်ခဲ့ရသလို ယနေ့ ဩဂုတ်လ ၂၀ရက်နေ့ မနက်ပိုင်းမှာလည်း နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၂)ကို ထပ်မံ ကစားခဲ့ရပါတယ်။

၄ရက်အတွင်း ၂ပွဲ အထိ ကစားခဲ့ရသလို ခရီးတွေပါ သွားခဲ့ရတာကြောင့် မန်ချက်စတာ စီးတီးက ပွဲပန်းမှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပေမယ့် မန်ချက်စတာ စီးတီးရဲ့ ကစားသမားတွေက နယူးကာဆယ်နဲ့ပွဲမှာ စိတ်ရော၊ လူပါ အားကုန်ထုတ် ကစားသွားခဲ့ပါတယ်။

နယူးကာဆယ်ကို နိုင်ပြီးနောက် ဂွာဒီယိုလာ က ပွဲပန်းနေပေမယ့် အကောင်းဆုံး အားထုတ် ကစားသွားတဲ့ သူ့ရဲ့ ကစားသမားတွေကို ချီးကျူးသွားခဲ့ပြီး သူ့ကစားသမားတွေရဲ့ ပွဲတိုင်း အားသွန်ခွန်စိုက် ကစားမယ် ဆိုတဲ့ စိတ်ဓာတ်ကြောင့်ပဲ သူတို့အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ဖလား ၃လုံး ချန်ပီယံ ဖြစ်ခဲ့တာပါလို့ ဆိုလာပါတယ်။

ဂွာဒီယိုလာက – “ဒီပွဲက ကျွန်တော်တို့ အတွက် ဒုတိယမြောက် လိဂ်ပွဲပါ။ ဒါပေမယ့် ဒီပွဲမှာ ကျွန်တော်တို့အသင်းက ဘာကြောင့် ပြီးခဲ့တဲ့ရာသီမှာ ဖလား ၃လုံး ချန်ပီယံ ဖြစ်ခဲ့လဲ ဆိုတာကို ကောင်းကောင်းကြီး သက်သေပြခဲ့တဲ့ပွဲလို့ ပြောရပါမယ်။

ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းနဲ့ စိတ်ပိုင်းဖြတ်မှုက ကျွန်တော့်ကိုတောင် အံ့အားသင့်စေခဲ့ပါတယ်။ ကျွန်တော်တို့ ကစားရတဲ့ ပြိုင်ဘက် ၊ ဒဏ်ရာပြဿနာတွေနဲ့ အနားယူချိန် မရခဲ့တဲ့ ပြဿနာတွေ ရှိခဲ့ပေမယ့် ကစားသမားတွေက ကောင်းကောင်း ကစားပြနိုင်ခဲ့ပါတယ်။

သူတို့ရဲ့ ခံစစ်ကစားပုံတွေ ၊ ပြေးလွှားပုံတွေနဲ့ အားသွန်ခွန်စိုက် ကြိုးစားမှုတွေက တကယ်ကို အံ့ဩစရာ ကောင်းပါတယ်။ ကျွန်တော်တို့က ဒီပွဲမှာ ကောင်းကောင်း ကစားပြနိုင်ခဲ့သလို နိုင်ပွဲနဲ့လည်း ထိုက်တန်ပါတယ်။

ကျွန်တော်တို့က ဒီထက်တောင် ဂိုးတွေ ပိုသွင်းနိုင်ခဲ့သင့်တာပါ။ ဒီနေ့ပွဲကို အဆုံးအဖြတ် ပေးသွားတာကတော့ ကျွန်တော့်ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းပါပဲ” လို့ သူ့ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းကို တခုတ်တရ ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။