ဒိုကူ ကို ဒီအပတ်ထဲ အပြီးခေါ်ဖို့ မန်စီးတီး က ပြောင်းရွှေ့ကြေး ဘယ်လောက်နဲ့ ကမ်းလှမ်းသွားမလဲ

မန်စီးတီး ဟာ ရေးနက်စ်စ်အသင်းရဲ့ ဘယ်လ်ဂျီယံ တောင်ပံ ကစားသမားလေး ဂျယ်ရမီ ဒိုကူကို ခေါ်ယူနိုင်ဖို့အတွက် ကမ်းလှမ်းမှု ပေးပို့ရန် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

အသက် (၂၁)နှစ်သာ ရှိနေသေးတဲ့ ညာတောင်ပံ ကစားသမား ဒိုကူဟာ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီထားတာကြောင့် မန်စီးတီးဘက်က ဒိုကူ အပြောင်းအရွှေ့ကို အမြန်ဆုံး အပြီးသတ်နိုင်ဖို့ ဒီတစ်ပတ်အတွင်းမှာပဲ ကြိုးပမ်း လုပ်ဆောင်သွားဖွယ် ရှိနေတယ်လို့ ရိုမာနိုက ဖော်ပြထားပါတယ်။

ဒိုကူ အတွက် မန်စီးတီးက ပြောင်းရွှေ့ကြေး ယူရို သန်း(၆၀)ဝန်းကျင်ခန့်လောက်အထိနဲ့ ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ ရှိနေပါတယ်။

မန်စီးတီးက ဆော်ဒီကလပ် အယ်လ် အာလီအသင်းဆီ ပြောင်းရွှေ့သွားတဲ့ ရီးယတ်ဒ် မာရက်ဇ်နေရာမှာ ပြန်လည် အစားထိုးဖို့အတွက် ဒိုကူကို ပစ်မှတ်ထားနေတာဖြစ်ပြီး ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူ ထားချိန်မှာတောင် ဝက်စ်ဟမ်း နဲ့ ချယ်လ်ဆီးတို့က ဒိုကူကို ကြားဖြတ် ခေါ်ယူဖို့ ချိန်ရွယ်လာကြပါတယ်။

ဒီလို အပြိုင်အဆိုင်တွေ ရှိလာပေမယ့် မန်စီးတီးဘက်ကတော့ ဒိုကူကို ခေါ်ယူနိုင်ဖို့အတွက် ယုံကြည်မှု အပြည့်ရှိနေပြီး အခုတစ်ပတ်အတွင်းမှာပဲ ဒိုကူရဲ့ လက်ရှိကလပ် ရန်းစ်အသင်းထံ ယူရို (၅၅)သန်း နဲ့ ယူရို သန်း(၆၀)ကြား ကမ်းလှမ်းမှုတွေ လုပ်ဆောင်သွားတော့မှာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကိုဗာဆစ် နဲ့ ဂဗာဒီယိုလ်တို့လို ခရိုအေးရှား ကစားသမား (၂)ဦးကိုသာ ဖြည့်တင်း ထားနိုင်သေးတဲ့ မန်စီးတီးအသင်းက မာရက်ဇ် နေရာအတွက်ရော ဒဏ်ရာကြောင့် လအတန်ကြာ အနားယူရဦးမယ့် ဒီဘရိုင်းနား နေရာအတွက်ပါ ကစားသမားသစ်တွေ ထပ်မ ခေါ်ယူချင်နေပါတယ်။

မာရက်ဇ်နေရာမှာ ဒိုကူနဲ့ အစားထိုးပြီး ဒီဘရိုင်းနေရာမှာ လူးကပ်စ် ပါကေတာနဲ့ အစားထိုးဖို့ စီစဉ်ထားပေမယ့် ပါကေတာက လောင်းကစားကိစ္စ အရှုပ်အရှင်းတွေ ဖြစ်ပေါ်လာခဲ့တာမို့ ပါကေတာကို ကြိုးပမ်းမှုတွေ အဆုံးသတ်လိုက်ရပါတယ်။

လက်ရှိမှာတော့ စီးတီးက လိုက်ပ်ဇစ် စပိန်ကြယ်ပွင့် ဒန်နီ အော်လ်မိုကိုလည်း မျက်စိကျနေပါတယ်။