ဂွါဒီယိုလာ နေရာကို လက်ထောက် နည်းပြ ဂျူအန်မာလီလို ဝင် တာဝန်ယူမယ်လို့ မန်စီးတီး အသိပေး ကြေညာ
မန်စီးတီးနည်းပြ ပက် ဂွါဒီယိုလာဟာ ဘာစီလိုနာမှာ ကျော ခွဲစိတ်ကုသမှု ခံယူခဲ့တာကြောင့် အသင်းရဲ့လာမယ့်ပရီးမီးယားလိဂ် ၂ ပွဲမှာ ကိုယ်တိုင်ကြီးကြပ်နိုင်မှာ မဟုတ်ကြောင်း သိရပါတယ်။
နောက်ကျောပြသနာကို ဂွါဒီယိုလာခံစားနေရတာ အတန်ကြာပြီဖြစ်ပြီး အခုတော့ ဇာတိပြန်ပြီး ခွဲစိတ်မှုခံယူခဲ့တာပါ။
ခွဲစိတ်မှုအောင်မြင်ခဲ့ပေမယ့် ဂွါဒီယိုလာဟာ ကွင်းဘေးမှာ ကြီးကြပ်နိုင်ဖို့ အနားယူဖို့ လိုအပ်ပါတယ်။
အသက် ၅၂ နှစ်အရွယ် ကာတာလန်သားနည်းပြဟာ ဘန်လေ၊ နယူးကာဆယ်တို့နဲ့ ပရီးမီးယားလိဂ်အဖွင့် ၂ ပွဲကို ကြီးကြပ်ခဲ့တဲ့အပြင် ဥရောပ စူပါဖလားပွဲအတွက် ဂရိကိုလည်း သွားရောက်ခဲ့တာပါ။

ဒါပေမဲ့ အခုအခြေအနေကြောင့် ရှက်ဖီးယူ၊ ဖူလ်ဟမ်တို့နဲ့ လာမယ့်ပရီးမီးယားလိဂ် ၂ ပွဲကိုတော့ လွဲချော်မှာ ဖြစ်ပါတယ်။
ဂွါဒီယိုလာမကြီးကြပ်နိုင်ချိန်မှာ အသင်းရဲ့တာဝန်အရပ်ရပ်ကို လက်ထောက်နည်းပြ ဂျူအန်မာလီလိုက ထမ်းဆောင်သွားမှာလို့ မန်စီးတီးကလည်း ကြေညာခဲ့တာပါ။
ဂွါဒီယိုလာဟာ နိုင်ငံတကာ ကြားဖြတ်အပြီး ကလပ်ပွဲတွေပြန်စချိန်မှ မန်စီးတီးကို ကိုင်တွယ်နိုင်မယ်လို့ မျှော်မှန်းထားကြပါတယ်။
လောလောဆယ်တော့ ဂွါဒီယိုလာရဲ့အသင်းဟာ ပရီးမီးယားလိဂ်မှာ တာထွက်ကောင်းနေတာပါ။ ပွဲစဉ် ၂ အပြီး ပရီးမီးယားလိဂ်မှာ ရာနှုန်းပြည့်အနိုင်ရနေတာဆိုလို့ မန်စီးတီး၊ ဘရိုက်တန်နဲ့ အာဆင်နယ်တို့ ၃ သင်းပဲ ရှိပါတယ်။
လက်ရှိ ချန်ပီယံ မန်စီးတီးအသင်း ဟာ ရာသီသစ် ပရီးမီးယားလိဂ်မှာ ပေးဂိုလည်း မရှိသေးပါဘူး။
