ချန်ပီယံသွေး မလျော့ဘူးဆိုတာ ပြသပြီး ရှက်ဖီးကို အနိုင်ယူကာ ဇယားထိပ် တက်သွားတဲ့ မန်ချက်စတာစီးတီး
မန်စီးတီးအသင်းကတော့ ဒီနေ့ည အဝေးကွင်းမှာ ရှက်ဖီးယူနိုက်တက် ကို သွားရောက် ရင်ဆိုင်ခဲ့ရာ ၂-၁ နဲ့ အဖိုးတန် နိုင်ပွဲကောင်း ရရှိသွားခဲ့ပါတယ်။
မန်စီးတီးကတော့ တပွဲလုံးကို ဖိဆော့နိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုနဲ့ ခြိမ်းခြောက်နိုင်မှုပိုင်းမှာ အပြတ်အသတ်သာလွန်ခဲ့ပါတယ်။ ဒါပေမယ့် အဆုံးသတ်ပိုင်းမသေချာခဲ့တာကြောင့် နစ်နာမှုတွေ အများကြီးကို တွေ့ကြုံခဲ့ရပြီး ရုန်းကန်ရတဲ့ ပွဲတပွဲဖြစ်ခဲ့ပါတယ်။
စီးတီး အဖက်ဖက်က သာလွန်ခဲ့ပေမယ့်လည်း မန်စီးတီးတို့ ပင်နယ်တီအခွင့်အရေးကို ရချိန်မှာတော့ ဟာလန်းမဝင်ခဲ့လို့ ပိုဆိုးခဲ့ပါတယ်။ ပထမပိုင်းတပိုင်းလုံးကို သူတို့ တော်တော်လေးအားထုတ်ခဲ့ရပြီး ဟာလန်းတယောက် ဖြုန်းတီးပစ်ခဲ့တာတွေက မနည်းပါဘူး။
ပထမပိုင်း ပယ်နယ်တီအခွင့်အရေးလွဲချော်ခဲ့တဲ့ ဟာလန်းက ဒုတိယပိုင်းပွဲချိန်အတွင်းမှာတော့ အသင်းအတွက်ဦးဆောင်ဂိုးကို ခေါင်းတိုက် သွင်းယူပေးခဲ့ပါတယ်။ ဟာလန်းက ဂရီလစ်ရှ်ရဲ့ ပေးပို့မှုကနေ ခေါင်းတိုက်ဂိုးသွင်းပြီး အဖွင့်ဂိုးကို ရယူပေးခဲ့တာပါ။

ဦးဆောင်ဂိုးခွင့်ပြုပေးခဲ့ရပြီးနောက် ရှက်ဖီးယူနိုက်တက်တို့ တိုက်စစ်ဖွင့်ကစားခဲ့ပြီး အခွင့်အရေးအချို့လည်း ရရှိခဲ့ပါတယ်။ ပွဲချိန် မိနစ် ၈၀ ကျော်မှာ ရှက်ဖီးတို့ မထင်မှတ်ဘဲ ချေပဂိုးရသွားကာ မန်စီးတီးကို စိုးရိမ်စရာတွေ ပေးနိုင်ခဲ့ပါတယ်။
ပွဲပြီးခါနီးမှ ပွဲက အရှိန်တက်ခဲ့ပြီး မန်စီးတီးတို့ ပျာယာခတ်ခဲ့ရပါတယ်။ ဒါပေမယ့် မိနစ်ပိုင်း အကြာမှာပဲ ပရီးမီးယားလိဂ်ချန်ပီယံတွေဆီမှ တုန့်ပြန်မှု ပြန်မြင်ခဲ့ရပြီး မန်စီးတီးရဲ့ကွင်းလယ်အင်ဂျင်ကြီးရိုဒရီရဲ့အဝေးကန်ချက်နဲ့အတူ ပက်ဂွါဒီယိုလာရဲ့အသင်းအတွက် သုံးမှတ်တန်နိုင်ပွဲ ဖြစ်တည်လာခဲ့ပါတယ်။
အခုပွဲစဉ်အနိုင်ရလဒ်ကြောင့် မန်စီးတီးဟာ သုံးပွဲကစား၊ သုံးပွဲနိုင်၊ ရမှတ်ကိုးမှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာဆီ တက်လှမ်း လာနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီ ဖလားစုံ အောင်မြင်မှု ရထားတာကြောင့် ဒီရာသီ မန်စီးတီးတို့ အရှိန်လျော့သွားမယ် ထင်ခဲ့ကြပေမယ့် စီးတီးကတော့ ချန်ပီယံသွေး အပြည့်ရှိကြောင်း ပြသကာ ကျားကုတ်ကျားခဲ အနိုင်ရလဒ်ကို ဖော်ဆောင်သွားခဲ့ပါတယ်။
