ဟာလန်း သွင်းဂိုးကြောင့် ကမ္ဘာကျော် ဖိုက်တာကြီးလည်း ကွင်းထဲ ပြေးဝင် ဖက်နမ်း အောင်ပွဲခံတတ်ခဲ့ပါပြီ

မနေ့ညတုန်းက ရှက်ဖီးနဲ့ မန်စီးတီး ပွဲမှာ မန်စီးတီးပရိသတ်တစ်ဦးဟာ ကွင်းအတွင်းသို့ ကျူးကျော် ဝင်ရောက်လာ ပြီးနောက် တိုက်စစ်မှုး အာလင်းဟာလန်း ပေါ်သို့ ခုန်တက်ကာ နမ်းပြီး အောင်ပွဲခံခဲ့ပါတယ်။ အဆိုပါ မန်စီးတီး ပရိသတ်မှာ ကမ္ဘာ့ လက်ဝှေ့ချန်ပီယံဟောင်း တစ်ဦး ဖြစ်နေပါတယ်။

အသက် ၃၄ နှစ်ရှိ တယ်ရီဖလာနာဂန်က ဗြိတိန်ပရိုဖိုက်တာဟောင်းတစ်ဦးဖြစ်ပြီး မန်စီးတီးပရိသတ်တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ WBO Lightweight ချန်ပီယံဘွဲ့ကို ထိန်းထားခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ ၃၈ ပွဲထိုးသတ်ခဲ့ရာမှာ ၂ ပွဲတည်းသာ ရှုံးနိမ့်ခဲ့ပြီး ၁၄ KOs ဖြင့် အနိုင်ယူခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ မနေ့ညတုန်းက မန်စီးတီးက ရှက်ဖီးလ်ယူနိုက်တက်ကို ၂-၁ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာ ကွင်းအတွင်းဝင်ရောက်ပြီး ဟာလန်းနှင့်အတူ အောင်ပွဲခံခဲ့တာလည်း ဖြစ်ပါတယ်။

ဟာလန်းဟာ မနေ့ညကပွဲတွင် ပင်နယ်တီလွဲခဲ့ပြီး မန်စီးတီးတို့ ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမဲ့ နော်ဝေ တိုက်စစ်မှူးဟာ ဂျက်ဂရဲလ်လစ်ရှ်ရဲ့ ဖြတ်တင်ဘောကနေ ခေါင်းတိုက်ပြီး ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ဟာလန်း ပြေးပြီး အောင်ပွဲခံနေချိန်မှာ ဖလာနာဂန်ဟာ ချိန်သားကိုက်ဆိုသလို ပွဲကြည့်စင်မှ ပြေးဆင်းလာပါတယ်။ ဖလာနာဂန်ဟာ ဟာလန်းရဲ့ကျောပေါ်သို့ ခုန်တက်ပြီး မန်စီးတီးကစားသမားများနှင့်အတူ အောင်ပွဲခံခဲ့ပါတယ်။ ဒါ့အပြင် ဖလာနာဂန်ဟာ ဟာလန်းရဲ့ကျောကို အနမ်းပါပေးခဲ့ပါသေးတယ်။

ဟာလန်းရဲ့ မန်စီးတီး ကစားဖော် ဘာနာဒိုဆေးလ်ဗားဟာ ဖလာနာဂန်ရဲ့အပြုအမူကြောင့် အကြီးအကျယ် အံ့ဩ တုန်လှုပ်ခဲ့တာလည်း တွေ့ရပါတယ်။ ယင်းနောက် လုံခြုံရေးများ ရောက်လာပြီး ဖလာနာဂန်ကို ခေါ်ဆောင်သွားကြတာတွေ့ရပါတယ်။

မန်စီးတီးဟာ ဟာလန်းရဲ့ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပေမဲ့ ၈၅ မိနစ်မှာ ဘိုဂလီရဲ့ ဂိုးကြောင့် သရေကျမယ်လို့ ယူဆခဲ့ ရပါသေးတယ်။ ဒါပေမဲ့ ရိုဒရီက ချက်ချင်းဆိုသလို အနိုင်ဂိုးသွင်းလာလို့ ၂-၁ ဖြင့် အနိုင်ရရှိသွားခဲ့ပါတယ်။