မန်စီးတီးထံ ပြောင်းခွင့် ရဖို့ ဝုဗ်အသင်းမှာ ကလန်ကဆန် လုပ်နေပြီ ဖြစ်တဲ့ မက်သီးယပ် နူနက်စ်

ဝုဗ် ကွင်းလယ် ကစားသမား မက်သီးယပ် နူနက်စ် ဟာ ဈေးကွက် မပိတ်ခင် အမှီ မန်စီးတီးထံအပြောင်းအရွှေ့ကို တွန်းအားပေးဖို့ အတွက် ဝုဗ်နဲ့ လေ့ကျင့်ရေးဆင်းဖို့ငြင်းနေပါတယ်။

၎င်းအတွက် စီးတီးရဲ့ ပေါင် ၄၇သန်းနဲ့ အဖွင့်ကမ်းလှမ်းမှုကို ဝုဗ်က ငြင်းပယ်ခဲ့တာဖြစ်ပြီး ပေါင်သန်း ၆၀ ရမှ ရောင်းမယ်လို့ တင်းခံနေတာပါ။

နူနက်စ်ဟာ အသင်းကနေ ထွက်ခွာလိုကြောင်း ဝုဗ်ကို အသိပေးထားပြီး ပြီးခဲ့တဲ့ တနင်္လာနေ့မှာ လေ့ကျင့်ရေး မဆင်းခဲ့ဘူး လို့ သိရပါတယ်။

အသက် ၂၅နှစ်အရွယ် ကွင်းလယ်လူဟာ သူ့ရဲ့ ပျက်ကွယ်မှုအတွက် စည်းကမ်းပိုင်း အရေးယူခံရမှာဖြစ်ပေမယ့် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ရင် အပြောင်းအရွှေ့ကာလပြီးတဲ့နောက် ဝုဗ်ဟာ သူ့ကို အသင်းလူစာရင်းထဲ ပြန်ထည့်သွင်းမှာ ဖြစ်ပါတယ်။

နူနက်စ်ကိုယ်တိုင်က ပက်ဂွာဒီယိုလာရဲ့အသင်းထံ ပြောင်းချင်ကြောင်း ဖွင့်ဟထားတာကြောင့် မန်စီးတီးဟာ ၎င်းတို့ရဲ့ ပစ်မှတ်ကို ရရှိဖို့ ယုံကြည်မှုရှိနေပါတယ်။

အခုချိန်မှာတော့ မန်စီးတီးအနေနဲ့ ဈေးကွက်ပိတ်မယ့် သောကြာနေ့ မတိုင်ခင်မှာ ဝုဗ် ငြင်းလို့မရတဲ့ ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ဖို့သာ ကျန်တော့တာ ဖြစ်ပါတယ်။