စူပါကပ်မှာ ဂိုးသွင်းခဲ့တဲ့ မန်စီးတီး နာမည်ကြီး ကြယ်ပွင့်လေးကို ခေါ်ယူဖို့ ချဲလ်ဆီး သဘောတူညီမှု ရသွားပါပြီ

ချဲလ်ဆီးအသင်းအနေနဲ့ မန်ချက်စတာစီးတီးအသင်းရဲ့ လူငယ်ကွင်းလယ်ကစားသမား ကိုးလ် ပါးလ်မားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ အပြင် အနာဂတ် ခံစားခွင့် ပေါင် ၅ သန်းကိုပါ ထပ်ဆောင်းပေးချေပြီး ခေါ်ယူဖို့ သဘောတူညီနိုင်ခဲ့ပြီလို့ သိရပါတယ်။
စီးတီးလူငယ်ကြယ်ပွင့်ကလည်း စတမ်းဖို့ဒ် ဘရစ်ချ်ကို ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။
အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပါးလ်မား ဟာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့တွေအတွက် ချဲလ်ဆီးရဲ့ နောက်ကျ ပစ်မှတ်အဖြစ် ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ပိုချက်တီနိုဟာ အင်္ဂလန်ယူ-၂၁ ကြယ်ပွင့်ကို သောကြာနေ့ ဈေးကွက်မပိတ်ခင် အရခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။
ပါးလ်မား ဟာ လာမယ့် ၂၄ နာရီအတွင်း ပြုလုပ်သွားဖို့ စီစဉ်နေတဲ့ ဆေးစစ်မှု အောင်မြင်မယ်လို့ ယူဆရပြီး ချဲလ်ဆီးနဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေ သဘောတူညီမှု ရရှိဖို့သာ လိုအပ်တော့တာ ဖြစ်ပါတယ်။
ဒါကလည်း ပြဿနာဟုတ်ပုံမပေါ်ဘဲ သတင်းတွေရဲ့ ဖော်ပြချက်အရ ကစားသမား ကိုယ်တိုင်က စတမ်းဖို့ဒ်ဘရစ်ချ်ကို ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ခဲ့ပြီးဖြစ်ပြီး အသင်းသစ်မှာ စာမျက်နှာသစ်တွေ ဖွင့်လှစ်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့ ယူဆရပါတယ်။
ပါးလ်မား အီတီဟတ်မှာ စာချုပ်သက်တမ်း ၃ နှစ်ကျန်ရှိနေသေးသူဖြစ်ပြီး ဂွါဒီယိုလာကလည်း လူငယ်တောင်ပံ ကစားသမားကို ထိန်းသိမ်းထားချင်ခဲ့တာဖြစ်ပေမယ့်လည်း ကမ္ဘာ့အဆင့်ကစားသမားတွေ ပြည့်နှက်နေတဲ့ လူ စာရင်းကြောင့် ပထမအသင်းပွဲထွက်ကစားခွင့်ကို မကြာခဏ မပေးအပ်နိုင်ခဲ့တာဖြစ်ပါတယ်။
ပါးလ်မား ဟာ ယခုရာသီမှာ ပရီးမီးယားလိဂ်ပွဲကစားချိန် ၁၀ မိနစ်သာ ပါဝင်ကစားပေးခွင့် ရရှိထားတာဖြစ်ပြီး ရာသီ အဖွင့်ပွဲစဉ်မှာ ဘန်လေနဲ့ ကစားခဲ့တဲ့ပွဲစဉ် ဒုတိယပိုင်းမှာ လူစားဝင်ကစားသမားအဖြစ် ဝင်ကစားခဲ့ရတာဖြစ်ပါတယ်။
ဆီဗီလာကို အနိုင်ရခဲ့တဲ့ စူပါဖလားဗိုလ်လုပွဲမှာတော့ ပါးလ်မား က ပွဲထွက်ခွင့်ရရှိခဲ့ရာမှာ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ၂၀၂၀ စက်တင်ဘာမှာ စီနီယာပွဲဦးထွက်ခွင့် ရရှိပြီးကတည်းက ပြိုင်ပွဲစုံမှာ ၄၁ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ အဲဒီထဲက ၁၉ ပွဲဟာ ပရီးမီးယားလိဂ်ပွဲစဉ်တွေဖြစ်ခဲ့တာဖြစ်ပါတယ်။