မန်စီးတီး ကောင်းနေတာ မဟုတ်ပေမယ့် … ဆိုတဲ့ ခရစ်ဆက်တန်ရဲ့ ဖူလ်ဟမ်နဲ့ ပွဲ ကြိုတင် ဟောကိန်းထုတ်ချက်

မန်စီးတီးအသင်းက ဒီအပတ် ပရီးမီးယားလိဂ်မှာ ဖူလ်ဟမ် အသင်းနဲ့ တွေ့မှာ ဖြစ်ပြီး အိမ်ကွင်း အီတီဟက်မှာ ဧည့်ခံ ကစားသွားမှာပါ။ ပွဲကတော့ မနက်ဖြန် စနေနေ့ည ၈ နာရီခွဲ အချိန် မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်တဲ့ မန်ချက်စတာ စီးတီးဟာ ဒီရာသီမှာလည်း ၃ ပွဲ ကစား ၃ ပွဲ နိုင် အမှတ်ပြည့်နဲ့ အမှတ်ပေးဇယား ထိပ်မှာ ဦးဆောင်ထားပါတယ်။
ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန်က ဒီအပတ် မန်စီးတီး နဲ့ ဖူလ်ဟမ် ပွဲကနေ ဘယ်လို ရလဒ် ထွက်မလဲ ကြိုတင် သုံးသပ် ခန့်မှန်းလာပြီ ဖြစ်ပါတယ်။
ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်
အာဆင်နယ်ကို ရင်ဆိုင်တဲ့ပွဲမှာ ဖူလ်ဟမ်က သရေတစ်မှတ် ရခဲ့ပါတယ်။ မန်စီးတီးက အရှိန်တင် ကစားလာနိုင်ခြင်း မရှိပေမယ့် သူတို့က အညှာအတာ သိပ်မရှိပါဘူး။ ဒီပွဲမှာ သူတို့ အိမ်ကွင်း နိုင်ပွဲရသွားမယ် ဆိုတာက လွဲလို့ အခြားရလဒ် မမြင်ပါဘူး။
မန်စီးတီးက တကယ်ကြီး ကောင်းနေတာ မဟုတ်ပေမယ့် ပြိုင်ဘက်တိုင်းကို အနိုင်ယူဖို့အတွက် လုံလုံလောက်လောက် တော့ ရှိနေပါတယ်။
ခရစ်ဆက်တန် ခန့်မှန်းရလဒ်။ ။ မန်စီးတီး ၄-၀ ဖူလ်ဟမ်