ဒီည ဖူလ်ဟမ်နဲ့ ပွဲမှာ မန်စီးတီး ဘယ်လို ရလဒ် ထွက်လာမလဲ ကြိုတင်ဟောကိန်းထုတ်သွားတဲ့ ပေါမာဆန်
ပက် ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းက ဒီအပတ် ပရီးမီးယားလိဂ်မှာ ဖူလ်ဟမ် အသင်းနဲ့ တွေ့မှာ ဖြစ်ပြီး အိမ်ကွင်း အီတီဟက်မှာ ဧည့်ခံ ကစားသွားမှာပါ။
ပွဲချိန် ကတော့ ဒီနေ့ စနေနေ့ မြန်မာစံတော်ချိန် ည ၈ နာရီခွဲ အချိန် မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဆရာကြီး ပေါမာဆန်ကတော့ မန်စီးတီးနဲ့ ဖူလ်ဟမ်တို့ ပွဲ အတွက် ကြိုတင် သုံးသပ် ဟောကိန်းထုတ်မှုတွေ ပြုလုပ်ထားပါတယ်။
” အာဆင်နယ်နဲ့ ချယ်ဆီးတို့လို မန်စီးတီးတို့ ခြေချော်မယ်လို့ မမြင်ပါဘူး။ ဒီစနေနေ့မှာ မန်စီးတီးက ဒရာမာတွေ အဖြစ်မခံဘဲ ဖူလ်ဟမ်ကို အနိုင်ယူမှာပါ။ ရှက်ဖီးကို အနိုင်ရတဲ့ပွဲမှာ မန်စီးတီးက ပွဲကို လွှမ်းမိုးထားပေမယ့် ၁ ဂိုး အသာဖြင့်ပဲ အနိုင်ရခဲ့ပါတယ်။
ပွဲချိန် ၈၅ မိနစ်မှာ ရှက်ဖီးက ခြေပဂိုး သွင်းယူခဲ့တာက ဘယ်အသင်းအတွက် မဆို သတင်းဆိုး ဆိုပေမယ့် မန်စီးတီး အတွက်တော့ မဟုတ်ခဲ့ပါဘူး။ သူတို့ ချက်ချင်းပဲ သွင်းဂိုး ပြန်ယူခဲ့ပါတယ်။ စီးတီးက သိပ်ကောင်းပါတယ်။ အခြားသော ထိပ်သီးတွေနဲ့ မတူတာက စီးတီးတို့ ခြေစွမ်းမကောင်းတဲ့ရက်က သိပ်ရှားပါတယ်။
ဖူလ်ဟမ် ကွင်းလယ်လူ ပါလင်ညာက အပြောင်းအရွှေ့ မပိတ်ခင် ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်လိုက်ပါဘူး။ သူက ဖူလ်ဟမ်အသင်း ကွင်းလယ်မှာ အတော်လေး ကောင်းမွန်ထားပြီး မီထရိုဗစ်ကို လက်လွတ်ထားတာကလည်း သူတို့အတွက် ဆုံးရှုံးမှုကြီး ဖြစ်ပါတယ်။ ” လို့ ပေါမာဆန်က ဆိုထားပါတယ်။
ပေါမာဆန်ကြီးရဲ့ ပွဲ ခန့်မှန်းရလဒ် ကတော့ မန်စီးတီး ၃-၀ ဖူလ်ဟမ် ဖြစ်ပါတယ်။
