ဖူလ်ဟမ်ကို မန်စီးတီး ဂိုးပြတ် နိုင်ပေမယ့် ပွဲဦးထွက် အတွက် စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ ဒိုကူ

စနေနေ့ညပိုင်း ဖူလ်ဟမ်ကို ၅-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဒိုကူက မန်စီးတီးအတွက် ပွဲဦးထွက် အဖြစ် ပါဝင် ကစားခွင့် ရရှိခဲ့ပေမယ့် ဂိုးပါဝင်ပတ်သက်မှုမလုပ်ဆောင်နိုင်ခဲ့လို့ စိတ်ပျက်မိတယ်လို့ ဝန်ခံစကား ဆိုလိုက်ပါတယ်။
ဒီပွဲစဉ်မှာ ဒိုကူက ဒဏ်ရာရနေတဲ့ ဂရီးလစ်ရှ်အစား ဘယ်တောင်ပံတိုက်စစ်ပိုင်းမှာ ပွဲထွက်ပါဝင်လာခဲ့ပြီး ပြိုင်ဘက် ခံစစ်ကြောင်းကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။
ဒိုကူက သူ့ရဲ့မန်ချက်စတာမြေပွဲဦးထွက်ကို ၇၅ မိနစ်ကြာ ကစားခဲ့ပြီး လူစားလဲလှယ်ချိန်မှာလည်း ပရိသတ်ကြီးရဲ့ အားပေးထောက်ခံမှုကို ရရှိခဲ့ပါတယ်။
ဒါပေမယ့် ဘယ်လ်ဂျီယံသားက ပွဲဦးထွက်မှာ ဂိုး မသွင်းနိုင်ခဲ့သလို ဂိုးထောက်ပံ့မှုလည်း မပြုလုပ်နိုင်ခြင်းတို့ကြောင့် စိတ်ပျက်နေပါတယ်။
ပွဲဦးထွက်ပွဲစဉ်နဲ့ပတ်သက်လို့ ဒိုကူက “ ကောင်းမွန်တဲ့ခံစားချက်တစ်ခုနဲ့အတူ ပျော်စရာကောင်းတဲ့ နိုင်ပွဲတစ်ခုပါ။ အံ့ဖွယ် ပရိသတ်ကြီးရဲ့ အားပေးမှုတွေနဲ့ ဂိုးတွေ အများကြီး သွင်းယူနိုင်ခဲ့ပါတယ်။
ကျွန်တော့်ဘဝမှာ အသင်းကြီးတစ်ခုအတွက် ပထမဆုံး လက်မှတ်ရေးထိုးမှုဖြစ်တာကြောင့် ပွဲမစတင်ခင်အချိန်မှာ နည်းနည်းတော့ စိတ်လှုပ်ရှားနေခဲ့ပါတယ်။ ဒါက ပုံမှန်ပါပဲ။
ကျွန်တော်ကတော့ အသင်းအတွက် အကောင်းဆုံးဖြစ်အောင် တက်နိုင်သမျှကြိုးစားပေးခဲ့ပါတယ်။ အိမ်ကွင်းမှာကစားရလို့ အကျိုး ကျေးဇူးတစ်ခုရှိပြီး ကိုယ်လုပ်ရမယ့်အရာတွေကို ပရိသတ်ရဲ့အားပေးမှုကြီးနဲ့အတူ လုပ်ဆောင်နိုင်ခဲ့ပါတယ်။
အသင်းအတွက် သွင်းဂိုးတို့ ဂိုးဖန်တီးမှုတို့ ဒီနေ့ မလုပ်ဆောင်နိုင်ခဲ့လို့ ကျွန်တော်စိတ်ပျက်မိပါတယ်။ ပထမဆုံး ပွဲဦးထွက်မှာ အကောင်းဆုံးဖြစ်လာဖို့ ကျွန်တော် ကြိုးစားခဲ့သလို လာမယ့်ပွဲစဉ်တွေမှာလည်း ဒီအတိုင်းပဲ ဆက်လက်ကြိုးစားသွားပါမယ် ”လို့ City TV နဲ့တွေ့ဆုံချိန် မှာ ပြောဆိုခဲ့ပါတယ်။
အခုပွဲစဉ်အတွင်း မန်စီးတီး တိုက်စစ်မှုး အာလင်း ဟာလန်းက ဟက်ထရစ်သွင်းဂိုးအပြင် ဂိုးဖန်တီးမှုတစ်ကြိမ်ပါ စွမ်းဆောင်နိုင်ခဲ့ ပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုရှင်ဟာလန်းနဲ့ တွဲဖက်ကစားရမှုအပေါ် ဒိုကူက
“ တကယ် လွယ်ကူပါတယ်။ သူက အချိန်တိုင်း ဂိုးသွင်းယူနိုင်တယ်လေ။ သူ့အတွက် ဂိုးသွင်းနိုင်ဖို့ဆိုတာ အခွင့် အရေးတွေ အများကြီး မလိုအပ်ပါဘူး။ ဒီနေ့မှာ ကျွန်တော်တို့ ဒါကို မြင်တွေ့ခဲ့ရပါတယ်။
ခက်ခဲတဲ့ပွဲစဉ်တစ်ခုမှာတောင် ဟာလန်းက ဟက်ထရစ် သွင်းယူနိုင်ခဲ့တယ်။ ဒါက ကျွန်တော်တို့ကို အကူအညီ ဖြစ်စေပါတယ်။ ”လို့ ဆိုခဲ့ပါတယ်။