ဘိုင်ယန်နဲ့ နီးစပ်ပြီးမှ ဘာလို့ငြင်းပယ်ခဲ့သလဲ ထုတ်ဖော် ရှင်းပြလာတဲ့ မန်စီးတီး နောက်ခံလူ ဝေါ်ကာ

အင်္ဂလန်သား နောက်ခံလူ ဝေါ်ကာ ဟာ မန်စီးတီးမှာဆက်နေပြီး ဒီနွေရာသီမှာ ဘိုင်ယန်ထံပြောင်းဖို့ ငြင်းပယ်ခဲ့တဲ့ သူ့ဆုံးဖြတ်ချက်ကို ရှင်းပြခဲ့ပါတယ်။

သူ့ရဲ့လက်ရှိစာချုပ်က ၂၀၂၄ မတိုင်ခင်အထိဖြစ်ပေမယ့် မနှစ်ကရာသီမှာ ဂွာဒီယိုလာနဲ့ အဆင်မပြေမှုကြောင့် နွေရာသီအစောပိုင်းကာလမှာ အနာဂတ်က မရေရာခဲ့ပေမယ့်လဲ နောက်ဆုံးတော့ သူဟာ အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဘိုင်ယန်ဟာ သူ့ကိုခေါ်ဖို့ ချိတ်ဆက်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဝေါ်ကာ စိတ်ပြောင်းသွားခဲ့ပြီး အခုတော့ မန်စီးတီးနဲ့ စာချုပ်သစ် သက်တမ်းတိုး ချုပ်ဆိုဖြစ်တော့မှာပါ။

ဝေါ်ကာ က “ဆုံးဖြတ်ချက်တွေက ချလို့ရတယ်၊ ဒါပေမယ့် ကိစ္စတွေက ပြောင်းလဲနိုင်တယ်။ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် ဘောလုံးလောကမှာ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။

အတွေ့အကြုံတွေ လိုချင်ပေမယ့် စီးတီးက ကြီးကျယ်တဲ့ကလပ်တစ်ခုပါ။ နောက်ဆုံး ၆နှစ် ၇နှစ်အတွင်း ဒီကလပ် လုပ်ခဲ့တာတွေကို လျှော့တွက်လို့မရဘူး။ ကျွန်တော့်အတွက် လုံလောက်တဲ့ ကစားချိန်ရမယ်ဆိုရင် ဘာလို့ ထွက်သွားရမှာလဲ။ ကျွန်တော်လိုချင်တဲ့ အဲ့ဒါပဲလေ။

ဘိုင်ယန်ကလဲ အသင်းကောင်းပါပဲ။ ဒါပေမယ့် ကျွန်တော်နဲ့ အနာဂတ်အတွက် သင့်တော်တဲ့အရာကို လုပ်ခဲ့ပါတယ်။ ကျွန်တော့်ကို အမြင့်ဆုံးအဆင့်မှာ ကစားနိုင်အောင်လို့ စာချုပ်ချုပ်ပေးခဲ့တဲ့ ကလပ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာပါ”လို့ ဝေါ်ကာက ဆိုပါတယ်။

အသင်းနဲ့ စာချုပ်သက်တမ်းတိုးဦးမှာလားဆိုတဲ့အမေးကို ဝေါ်ကာက “သက်တမ်းတိုးဖို့ရှိပါတယ်။ အခု ဒီမှာ ၇နှစ်မြောက် ရှိပြီ။ ဒီနေရာကို သဘောကျတယ်။ ဒီမှာပဲ အိမ်မက်မက်ခဲ့တဲ့အရာတွေကို အောင်မြင်အောင်လုပ်နိုင်ခဲ့တယ်။ ဒါဆို ဘာကြောင့် ဒီလိုကလပ်မျိုးကနေ ထွက်ချင်ရမှာလဲ”လို့ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။