စက်တင်ဘာလထဲ ကစားမယ့် အင်္ဂလန် အသင်းကနေ ပြန် နှုတ်ထွက်ခဲ့ကြတဲ့ စီးတီး ကွင်းလယ် ဂရီလစ်ခ်ျ နဲ့ လီဗာပူးမှ အလက်ဇန်းဒါး အာနိုး

မန်စီးတီး ကွင်းလယ်လူ ဂျက်ဂရီလစ်ခ်ျ နဲ့ လီဗာပူး နောက်ခံလူဟာ အလက်ဇန်းဒါး အာနိုး တို့ဟာ ဒဏ်ရာ ပြသနာတွေကြောင့် ဒီလထဲ ယူကရိန်း စကော့တလန် တို့နဲ့ ကစားရမယ့် အင်္ဂလန်ရဲ့ လူစာရင်းကနေ နှုတ်ထွက်ခဲ့ကြပါတယ်။
အဆိုပါ ကစားသမား ၂ ဦးဟာ အင်္ဂလန် လေ့ကျင့်ရေး လုပ်မယ့် St Geroge’s Park သို့ ရောက်ရှိ သတင်းပို့မှု လုပ်ခဲ့ကြ ပေမယ့်လည်း ဒဏ်ရာအခြေအနေကို စစ်ဆေးခဲ့ပြီးနောက် ယခုလို နှုတ်ထွက်ခဲ့ကြတာပါ။
ဂရီလစ်ခ်ျဟာ ပေါင်ကြွက်သား ဒဏ်ရာကြောင့် မန်စီးတီးတို့ ဖူဟမ်ကို ၅-၁ နဲ့ နိုင်ခဲ့တဲ့ပွဲစဉ်မှာ မကစားနိုင်ခဲ့ပါဘူး။ အလက်ဇန်းဒါးအာနိုးဟာ ဗီလာကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသေးစား ဒူးကောက်ကြောဒဏ်ရာ ရခဲ့တာ ဖြစ်ပြီး တနင်္လာနေ့က စကန်ဖတ် စစ်ဆေးမှု ခံယူခဲ့ပါတယ်။
ဒါ့ကြောင့် အဆိုပါ ကစားသမား ၂ ဦးဟာ စက်တင်ဘာ ၉ ရက်နေ့ ယူကရိန်းနဲ့ ကစားရမယ့် ယူရိုခြေစစ်ပွဲ နဲ့ စက်တင်ဘာ ၁၂ ရက်နေ့ စကော့တလန်နဲ့ ကစားရမယ့် ခြေစမ်းပွဲကို လွဲချော်တော့မှာ ဖြစ်ပါတယ်။
ထရန့်ရဲ့ ဒဏ်ရာဟာ ဝုဖ်နဲ့ စက်တင်ဘာ ၁၆ ရက်နေ့မှာ ကစားရမယ့် ပွဲစဉ်အတွက် မရေမရာ ဖြစ်နေပေမယ့်လည်း ၎င်းရဲ့ တုန့်ပြန်မှု အပေါ် မူတည်ကာ ပါဝင် ကစားနိုင်ခြေလည်း ရှိနေပါတယ်။