မန်ယူ တိုက်စစ်မှုးသစ် ဟွိုင်လန်း ကို မန်စီးတီးရဲ့ ဟာလန်းနဲ့ မယှဉ်ကြဖို့ ဂယ်ရီ နဗီးလ် တောင်းဆို

မန်စီးတီး တိုက်စစ်မှုး ဟာလန်းဟာ ဒီရာသီမှာလည်း အသင်း အတွက် ဂိုးတွေကို တဒိုင်းဒိုင်း ဆက်လက် သွင်းယူနေဆဲ ဖြစ်ပါတယ်။
ဟာလန်း လက်သစ်လို့ နာမည်ကြီးနေတဲ့ ဒိန်းမတ်သား တိုက်စစ်မှုး ဟွိုင်လန်းကို မန်ချက်စတာ ယူနိုက်တက်ကလည်း ခေါ်ယူလိုက်ပြီး ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ ပွဲမှာ စတင် ထုတ်သုံးလာခဲ့ပါတယ်။
မန်ယူ တိုက်စစ်မှုးသစ် ဟွိုင်လန်း ရဲ့ ပွဲဦးထွက်ခြေစွမ်းကိုကြည့်ပြီး သရဲနီဟောင်းကြီး ဂယ်ရီနဗီးလ် အားရမှု ရှိပေမယ့် ဟာလန်းနဲ့ ယှဉ်လို့တော့ မရကြောင်း ပြောဆိုလာခဲ့ပါတယ်။
မန်ယူက ဟယ်ရီကိန်းကို ချိန်ခဲ့ပေမယ့် မဖြစ်နိုင်တဲ့အဆုံး အတ္တလန္တာက ဟွိုင်လန်း ကိုပဲ ပေါင် ၇၂ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။
ဟွိုင်လန်း ရဲ့ကစားပုံစတိုင်ကြောင့် ဒိန်းမတ်သား ကို မန်စီးတီး ဂိုးသွင်းစက် အာလင်း ဟာလန်းနဲ့ နှိုင်းယှဉ်မှုတွေ ရှိခဲ့ပါတယ်။ ဟွိုင်လန်းကို ဟာလန်း လက်သစ် လို့ တင်စားမှုတွေပါ ရှိခဲ့တာပါ။
” ဟွိုင်လန်း ကတော့ သင်ယူဆဲအဆင့်မှာပဲ ရှိသေးတယ်။ ထိပ်တန်း အဆင့်ဘောလုံးမှာ သူ ကစားတာလည်း ၂ ရာသီပဲ ရှိသေးတာပါ။ ဒါပေမဲ့ လူတွေက သူ့ကို မန်ယူအတွက် ဟာလန်းတစ်ယောက်ဖြစ်လာဖို့ မျှော်မှန်းနေကြပါတယ်။
ဒီ အချိန်မှာတော့ အဲဒီလိုမဖြစ်နိုင်ပါဘူး။ ဒီကောင်လေးမှာ ပြောင်းရွှေ့ကြေး ဖိအားရှိပေမယ့် ကျေနပ်စရာ ပွဲဦးထွက် ပိုင်ဆိုင်ခဲ့ပါပြီ”လို့ ဂယ်ရီနဗီးလ်က စကိုင်းစပေါ့ အစီအစဉ်မှာ ပြောဆိုခဲ့ပါတယ်။