အင်္ဂလန် လက်ရွေးစင် အသင်း နည်းပြ နေရာ အတွက် ပက် ဂွာဒီယိုလာ ကို FA က ချိန်ရွယ်နေ

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA က လာမယ့်ယူရို-၂၀၂၄ အပြီး လက်ရှိ လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်နဲ့ လမ်းခွဲမယ်ဆိုရင် ပက်ဂွါဒီယိုလာကို ဆက်ခံသူအဖြစ် ရွေးချယ်ဖို့ မျက်စိကျနေပါတယ်။

FA အကြီးအကဲတွေက လာမယ့် နိုင်ငံတကာအဆင့်ပြိုင်ပွဲကြီးအပြီး နည်းပြ ဆောက်ဂိတ်ဟာ အသင်းမှ ထွက်ခွာ တော့မယ် လို့ ယုံကြည်နေကာ အသင်းနည်းပြသစ်ခန့်အပ်နိုင်ဖို့ အခုကတည်းက စဉ်းစားနေပြီလို့ ဒေးလီးမေးလ် သတင်း အဆို အရ သိရပါတယ်။

FA နဲ့ ဆောက်ဂိတ်ရဲ့ စာချုပ်သက်တမ်းက ၂၀၂၄ ခုနှစ်မှာ ကုန်ဆုံးသွားပါလိမ့်မယ်။ ဒါပေမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီ အင်္ဂလန်အသင်းကို အသက်-၅၃ နှစ်အရွယ် နည်းပြ ဦးဆောင်သွားနိုင်ဖို့ကတော့ အလားအလာ နည်းပါးနေပါတယ်။

ဒေးလီးမေးလ် သတင်းဌာနကပဲ ပက်ဂွါဒီယိုလာဟာ FA ရဲ့ ရေဒါအောက်မှာ ရောက်ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် အကြီးမားဆုံး အဟန့်အတားတစ်ခုကတော့ ၂၀၂၅ ခုနှစ်အထိ သက်တမ်းရှိနေတဲ့ မန်စီးတီးနဲ့ ပက်ဂွါဒီယိုလာတို့ရဲ့ စာချုပ်ပဲဖြစ်ပါတယ်။

ဟိုဝီ၊ ပိုချက်တီနိုနဲ့ ဂရေဟမ်ပေါ်တာတို့ကလည်း ဆောက်ဂိတ်ရဲ့နေရာကို ဆက်ခံနိုင်သူတွေအဖြစ် ရှုမြင်ထားပြီး ဖြစ်ပေမယ့် ဟိုဝိ၊ ပိုချက်တီနိုတို့က လတ်တလောမှာ ပရီးမီးယားလိဂ်နည်းပြတွေအဖြစ် ကျင်လည်နေပါတယ်။

အင်္ဂလန်အသင်းက လာမယ့်စနေနေ့မှာ ယူကရိန်းနဲ့ ယူရို-၂၀၂၄ ခြေစစ်ပွဲစဉ်ယှဉ်ပြိုင် ကစားပြီးနောက် စက်တင်ဘာ ၁၂ ရက်၊ ဂလပ်စကိုမြို့မှာ စကော့တလန်နဲ့ ခြေစမ်းပွဲ ကစားသွားရပါမယ်။