ဒီနှစ် ဘလွန်းဒီအော ဆုလည်း မက်ဆီ ပဲ ရသွားရင် တစ်သက်လုံး အဲ့ပွဲ မတက်ဖို့ ဟာလန်း အား တိုက်တွန်းလိုက်သူ

ဒီနှစ် ကမ္ဘာ့အကောင်းဆုံး ကစားသမား ဆုကို မက်ဆီသာရသွားရင် ဘလွန်းဒီအော ဆုပေးပွဲကို တစ်သက်လုံး မတက်ဖို့ မန်စီးတီး တိုက်စစ်မှုး ဟာလန်း တစ်ယောက် တိုက်တွန်းခြင်းခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးညကပဲ Ballon d’Or ဆုအတွက် ဆန်ခါတင် ၃၀ ဦးစာရင်းထွက်ပေါ်လာခဲ့တာပါ။

အဲဒီထဲက အနိုင်ရမယ့်သူကိုတော့ လာမယ့်အောက်တိုဘာ ၃၀ ပဲရစ်မှာ ကျင်းပမယ့် ဆုပေးပွဲမှာ သိရမှာ ဖြစ်ပါတယ်။

ဒီနှစ်ဘလွန်းဒီအော ဆုအတွက် ရေပန်းအစားဆုံးဖြစ်နေတာက စံချိန်တင် ၇ ကြိမ်ရထားတဲ့မက်ဆီပါ။ မက်ဆီဟာ ပီအက်စ်ဂျီမှာ ခက်ခဲတဲ့ ၂ ရာသီကိုဖြတ်သန်းခဲ့ရပေမယ့် ကာတာကမ္ဘာ့ဖလားမှာ အာဂျင်တီးနား အသင်း ဗိုလ်စွဲအောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။

ဘလွန်းဒီအော ဆုအတွက် မက်ဆီရဲ့အနီးကပ်ဆုံးပြိုင်ဘက်က မန်စီးတီးတိုက်စစ်မှုးဟာလန်းပါ။

ဟာလန်းဟာ မန်ချက်စတာက သူ့ရဲ့ပွဲဦးထွက်ရာသီမှာ ပြိုင်ပွဲအရပ်ရပ် ၅၂ ဂိုးသွင်းနိုင်ခဲ့တဲ့အပြင် ဖလား ၃ လုံးအောင်မြင်မှုလည်း ရခဲ့ပါတယ်။

ဒီအချိန် ချဲလ်ဆီးနဲ့စကော့တလန်ကွင်းလယ်လူဟောင်းခရိတ်ဘာလေက မက်ဆီသာ ဆုရသွားရင် ဘလွန်းဒီအော ဆုပေးပွဲကို တစ်သက်လုံး မတက်ဖို့ ၂၃ နှစ်အရွယ် ကစားသမားအား တိုက်တွန်းလိုက်ပါတယ်။

”တကယ်လို့ အာလင်းဟာလန်းသာ ဒီ ဆု မရရင် ဆိုင်သာပိတ်လိုက်တော့ဗျာ။ မက်ဆီက ကမ္ဘာ့ဖလားရခဲ့ပြီး အဲဒါက ကြီးကျယ်တဲ့အောင်မြင်မှုတစ်ခုပါ။ ဒါပေမဲ့ အဲဒါက ၄ ပတ်တာကာလမှာပဲ ကျင်းပတဲ့ပြိုင်ပွဲလေ။

သူ့ရဲ့ယေဘုယျ လိဂ်ခြေစွမ်းက အကောင်းဆုံးမှ မဟုတ်တာ။ ပီအက်စ်ဂျီလည်း ဆိုးရွားခဲ့ပါတယ်။ ဟာလန်းဆို ဂိုး ၅၀ ကျေ်ာ၊ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်တို့လည်း ရခဲ့တယ်။ ဒီဆုက ဟာလန်းရသင့်တာပါ။

အတော်များများက မက်ဆီဆိုတဲ့အစွဲကို မဖျောက်နိုင်ကြတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ပိုမြင်အောင်ကြည့်ကြစမ်းပါ။ ဟာလန်းက ရှည်ကြာတဲ့ အချိန်ကာလတစ်ခုမှာ အရာအားလုံးရခဲ့တာပါ။

အခုကျ ကမ္ဘာ့ဖလားရတာနဲ့ ဒါက မက်ဆီရဲ့ဟာလို့ ပြောနေကြတယ်ဗျာ။ သူတို့ကလည်း မက်ဆီကို နောက်ထပ်တစ်ခါ ထပ်ပေးကြမှာပါ။ ကျွန်တော်သာ ဟာလန်းဆို ဘလွန်းဒီအော ဆုပေးပွဲဆီ တစ်သက်လုံးပြန်သွားမှာ မဟုတ်တော့ဘူး” လို့ ခရိတ်ဘာလေက ESPN သတင်းဌာနမှာ ပြောခဲ့ပါတယ်။