ဘလွန်းဒီအော် ဆု ရနိုင်သလား ဆိုတာ ဖြေကြားလာတဲ့ မန်စီးတီး တိုက်စစ်မှုး ဟာလန်း

မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းကတော့ ၂၀၂၃ခုနှစ် ဘော်လွန်းဒီအော်ဆုအတွက် လီယွန်နယ်မက်ဆီကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
ဟာလန်းနဲ့ မက်ဆီတို့ဟာ ယမန်နှစ်ရာသီအတွင်း အရေးပါတဲ့ ဆုဖလားတွေကို ပိုင်ဆိုင်ခဲ့ပြီးနောက် ယခုနှစ် ဘော်လွန်းဒီအော် ဆုအတွက် အပြိုင်ဖြစ်နေကြပါတယ်။
ဟာလန်းက မန်စီးတီးအသင်းမှာ ပြိုင်ပွဲစုံ ၅၃ပွဲကစား ၅၂ဂိုးသွင်းကာ ပရီးမီးယားလိဂ်၊ အက်ဖ်အေနဲ့ ချန်ပီယံလိဂ်ဖလားတွေ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
မက်ဆီကလည်း ၂၀၂၂ကမ္ဘာ့ဖလားကို အာဂျင်တီးနားနဲ့အတူ ဆွတ်ခူးခဲ့ပြီးနောက် ဘော်လွန်းဒီအော်ဆုအတွက် ရေပန်းစားနေပါတယ်။
ဟာလန်းဟာ ယခုနှစ်ရာသီမှာ ဥရောပစူပါဖလား ဆွတ်ခူးခဲ့ပြီးဖြစ်သလို ပရီးမီးယားလိဂ် လေးပွဲကစားရာမှာ ခြောက်ဂိုးအထိ သွင်းယူထားခဲ့ပြီး ဖြစ်ပါတယ်။
ယခုနှစ် ဘော်လွန်းဒီအော်ဆုအတွက် မက်ဆီနဲ့ ယှဉ်ပြိုင်နိုင်မလားမေးတဲ့အခါ ဟာလန်းက အခုလို တုန့်ပြန်ဖြေကြား ခဲ့တာပါ။
“ကျွန်တော့်စိတ်ထဲမှာတော့ ဒီဆုက တိုက်စစ်မှူးတစ်ယောက်အပေါ် ဘယ်လိုသဘောထားလဲဆိုတဲ့အပေါ်မှာ မူတည်မယ်လို့ ထင်ပါတယ်။ ဒီမေးခွန်းမျိုးက ဖြေရတာခက်ပါတယ်။
ကျွန်တော် စိန်ခေါ်နိုင်မှာတော့ သေချာပါတယ်။ ကျွန်တော်က အကောင်းဆုံးလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော် ဒီထက်အများကြီးတိုးတက်လာနိုင်သေးတယ်ဆိုတာလည်း သိပါတယ်။ ကျွန်တော်က လူငယ်လေးသာဖြစ်ပေမယ့် ဒီနှစ်မှာ ဘော်လွန်းဒီအော်ဆုအတွက် အခွင့်အရေးရှိမယ် ထင်ပါတယ်”လို့ ပြောခဲ့ပါတယ်။
ဆက်လက်ပြီး ဟာလန်းက “ကျွန်တော့်ကို ထူးခြားတဲ့ ကစားသမားတစ်ဦးအဖြစ် ပရိသတ်တွေ အမှတ်ရနေ စေချင်ပါတယ်။ ကျွန်တော်ကတော့ အပတ်တိုင်း ထူးခြားတဲ့အရာတွေ လုပ်ပြပြီး ကြိုးစားနေဦးမှာပါပဲ”လို့ ဆိုခဲ့ပါတယ်။
၂၀၂၃ခုနှစ်အတွက် ဘော်လွန်းဒီအော်ဆုပေးပွဲကို အောက်တိုဘာ ၃၀ ရက်နေ့ ပဲရစ်မြို့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။