တိုက်စစ်အားသန် ဘယ်နောက်ခံ အာဂျင် ကြယ်ပွင့်လေးကို ခေါ်ယူဖို့ ကနဦး သဘောတူညီမှု ရသွားတဲ့ မန်စီးတီး

မန်ချက်စတာ စီးတီးက အာဂျင်တီးနား ထိပ်သီးကလပ် ဘိုကာဂျူနီယာရဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်သူ ဘာကိုကို ခေါ်ယူဖို့ ကနဦး သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း သတင်းထွက်လာပါတယ်။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ အာဂျင်တီးနား လူငယ်ကြယ်ပွင့် ဘာကိုက ဘယ်နောက်ခံလူ တဦး ဖြစ်ပြီး သူက အာဂျင်တီးနား ယူ-၂၀အသင်းရဲ့ အဓိက နောက်ခံလူလည်း ဖြစ်ပါတယ်။

ဘာကိုဟာ ဘိုကာဂျူနီယာရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာသူ ဖြစ်ပြီး သူက ဘိုကာဂျူနီယာ အတွက် ပြိုင်ပွဲစုံမှာ ၂၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

တိုက်စစ်အားသန် ဘယ်နောက်ခံလူ ဘာကိုက အတက်အဆင်း မြန်သလို လုပ်အားနှုန်း ကောင်းမွန်တဲ့ ကစားသမား တဦး ဖြစ်တာကြောင့် အနာဂတ်မှာ ထိပ်တန်း ကစားသမား တဦး ဖြစ်လာနိုင်ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ပရီးမီးယားလိဂ် ကလပ် ဘရိုက်တန်က သူ့ကို ခေါ်ယူဖို့ ကြိုးစားနေတာ ကြာနေပါပြီ။

အင်္ဂလန် သတင်းတွေ အဆိုအရ ဘရိုက်တန်က ဘာကိုကို ခေါ်ယူဖို့ အချိန်ကြာမြင့်စွာ တိတ်တဆိတ် ကြိုးစားခဲ့သလို သဘောတူညီမှု ရရှိဖို့ပါ နီးစပ်ခဲ့ပေမယ့် မန်ချက်စတာ စီးတီးက ဘာကိုကို ခေါ်ယူဖို့ ကြားဖြတ် ကြိုးစားလာပြီးနောက် ဘာကိုဟာ ဘရိုက်တန်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချကာ မန်ချက်စတာ စီးတီးဆီ ပြောင်းရွှေ့ဖို့ ခေါင်းညိမ့် လိုက်ကြောင်း သိရပါတယ်။

မန်ချက်စတာ စီးတီးက ဘာကိုကို ပြောင်းရွှေ့ကြေး ပေါင် ၈သန်းနဲ့ ကမ်းလှမ်းထားပြီး ဘိုကာဂျူနီယာကတော့ သူတို့ရဲ့ လူငယ်ကြယ်ပွင့် ဘာကိုအတွက် အဲ့ဒီထက် ပိုများတဲ့ ပြောင်းရွှေ့ကြေး ပမာဏကို လိုချင်နေကြောင်း အာဂျင်တီးနား သတင်းရင်းမြစ် တချို့က ဖော်ပြထားပါတယ်။