ငွေသာ မရှိပေမယ့် ငါ ခေါ်မှာနော် လို့ ကြိုဦးထားတဲ့ ဘာနာဒို ဆေးလ်ဗား အတွက် ဘာစီလိုနာရဲ့ အကွက်ဆန်း
ဘာစီလိုနာ အသင်းကတော့ ဘဏ္ဍာရေး အခက်အခဲတွေကြောင့် အလိုရှိတဲ့ ကစားသမားတွေကို စိတ်ထင်တိုင်း ခေါ်ယူနိုင်ခြင်း မရှိပါဘူး။ ဒါပေမယ့် သူတို့ ပစ်မှတ် ကစားသမားတွေကိုတော့ ချည်ပြီးတုပ်ပြီး ခေါ်တဲ့အချိန် ရနိုင်အောင် စည်းရုံးထားပါတယ်။
မန်စီးတီး ကွင်းလယ်လူ ဘာနာဒို ဆေးဗားနဲ့ လိုက်ဇစ် တိုက်စစ်သမား အော်မိုတို့ နှစ်ဦးလုံးဟာ လက်ရှိကလပ်တွေနဲ့ သက်တမ်းတိုးတဲ့ စာချုပ်သစ်မှာ ဘာစီလိုနာ အတွက် သဘောတူညီချက် တစ်ခုကို ထူးထူးခြားခြား ထည့်သွင်းထားပါတယ်။
အဆိုပါ အချက်အရ နှစ်ဦးလုံးကို ဘာစီလိုနာဘက်က ကမ်းလှမ်းလာခဲ့ရင် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးဖြင့် သက်ဆိုင်ရာ ကလပ်တွေက ထွက်ခွာခွင့် ပေးရမှာ ဖြစ်ပါတယ်။
ဘာနာဒို ဆေးဗားဟာ ဘာစီလိုနာအသင်းထံက စိတ်ဝင်စားမှု ရခဲ့ပေမယ့် ဒီနွေမှာပဲ ၂၀၂၆ ခုနှစ်ထိ ရှိနေမယ့် သက်တမ်းတိုး စာချုပ်သစ်ကို လက်မှတ်ထိုးထားတာပါ။ စပိန်တိုက်စစ်သမား အော်မိုရဲ့ စာချုပ်ကတော့ ၂၀၂၇ ခုနှစ်ထိ သက်တမ်း ရှိပါတယ်။
စာချုပ်သစ်အရ ဘာနာဒို ဆေးဗားကို ဘာစီလိုနာဘက်က ပေါင် သန်း ၅၀ ပေးရင် ထွက်ခွင့်ပေးဖို့ မန်စီးတီးက သဘောတူခဲ့တယ်။ အော်မိုကလည်း ဘာစီလိုနာဘက်က ခေါ်ယူလိုရင် ပေါင် ၅၂ သန်းဖြင့် ထွက်ခွာခွင့်အချက်ကို စာချုပ်သစ်မှာ ထည့်သွင်းခဲ့ပါတယ်။
မန်စီးတီးနဲ့ လိုက်ဇစ်တို့ဟာ ၎င်းတို့ရဲ့ ကစားသမားတွေကို ကာလရှည် ဆက်ထိန်းလိုပေမယ့် ဘာစီလိုနာ ချွင်းချက်ကို သဘောမတူရင် သက်တမ်းတိုးနိုင်မှာ မဟုတ်ကြောင်း နားလည်ခဲ့တာမို့ ဒီအချက်ကို ထည့်သွင်းခွင့်ပေးခဲ့ရတာလို့ သိရပါတယ်။